စုံစမ်းရေးကော်မရှင်ပေါ်ပေါက်ရေး အမေရိကန် ဦးဆောင်ဖို့ ဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ အိုင်လင်း ဒိုနာဟိုးနဲ့ အဖွဲ့ဟာ မြန်မာနဲ့ အီရန်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝါရှင်တန်ဒီစီ မြို့တော် အောက်လွှတ်တော် အဆောက်အဦမှာ ဆွေးနွေးပွဲတရပ် ဧပြီ ၁၄ ရက် မနေ့က ကျင်းပခဲ့ပါတယ်။

2011.04.15
human_rights_council_305_z.png ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré)
UN Photo/Jean-Marc Ferré

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး အမေရိကန်က ဦးစီးလုပ်ဆောင်သွားဖို့ သူတို့အနေနဲ့ တိုက်တွန်းခဲ့ကြောင်း NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“ဒီလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နိုင်ငံက လူ့အခွင့်အရေး ဝင်ရောက် ဆောင်ရွက်လာတာ ဘာများ ထူးခြားမှုတွေ ရှိသလဲပေါ့နော်။ ထူးခြားမှုတွေ ဆိုတာက အခု ဒီနှစ်ပိုင်းအတွင်းမှာပေါ့၊ ၂၀၁၁ ခုနှစ် စပြီးတော့ အခုထိမှာ ဆိုရင် ကျွန်တော်တို့ ဗမာပြည်ကိစ္စနဲ့ ပတ်သက်လာလို့ ရှိရင် Universal Periodic Review ရှိတယ်၊ နောက် ဒီမတ်လမှာ လုပ်တဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ရှိတယ်။ ဆိုတော့ အဲဒီကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ သဘောထားတွေပေါ့။ Commission of Inquiry ဖွဲ့တဲ့နေရာမှာ အမေရိကန်နိုင်ငံက အလားတူ အားထုတ်မှုမျိုးတွေ လုပ်ဖို့ပေါ့နော်၊ ဆွေးနွေးတာ ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ဆောင်ချက်တချို့ကို မကျေနပ်တာကြောင့် အစောပိုင်းမှာ ကောင်စီက နုတ်ထွက်ထားခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာမှ ကောင်စီအဖွဲ့ဝင် နိုင်ငံအဖြစ် ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။

မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြသလို၊ ပြည်ပအခြေစိုက် မြန်မာနဲ့ အီရန်အတိုက်အခံအဖွဲ့တွေရဲ့ လိုလားချက်တွေကိုလည်း ကြားနာခဲ့ကြောင်း သိရပါတယ်။

အခုလိုဆွေးနွေးပွဲဖြစ်မြောက်အောင် OSI အဖွဲ့ Freedom House အဖွဲ့နဲ့ Democracy Coalition အဖွဲ့တွေက စုပေါင်း စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး NCGUB ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။