မြန်မာက H&M စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေ

RFA Burmese
2023.08.16
မြန်မာက H&M စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေ ဟောင်ကောင်မှာရှိတဲ့ H&M စတိုးဆိုင်တစ်ခုကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ကတွေ့ရစဉ်။
Photo : AFP

ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖက်ရှင်နဲ့ အဝတ်အထည်လုပ်ငန်း H&M ရဲ့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ လုပ်သားတွေကို မတရားဖိနှိပ်ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားချက် ၂၀ ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဩဂုတ် ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။ 

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာစောင့်ကြည့်မှုအရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ လကနေ အခုနှစ် ဖေဖော်ဝါရီအထိ တစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေကို မတရားဖိနှိပ်ဆက်ဆံမှု ၁၅၆ မှု ရှိခဲ့ပြီး၊ ဒါဟာ ပြီးခဲ့တဲ့နှစ်က ရှိခဲ့တဲ့ ၅၆ မှုထက် တိုးလာတာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေပိုများလာတာကို ပြသနေတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ 

စီးပွားရေးနဲ့ လူ့အခွင့်အရေးအရင်းအမြစ်စင်တာ (BHRRC) ရဲ့ လေ့လာမှုအရ အလုပ်သမားတွေကို လုပ်ခလျှော့ပေးတာနဲ့ လုပ်ခမပေးဘဲ ခိုင်းစေမှုတွေအတွက် တိုင်ကြားမှုအများဆုံး ဖြစ်ပြီး၊ မတရား အလုပ်ထုတ်တာ၊ လူမဆန်တဲ့ အခြေအနေအောက်မှာ အလုပ်လုပ်ခိုင်းတာနဲ့ အတင်းအကျပ် အချိန်ပိုလုပ်ခိုင်းတာတွေအတွက်လည်း တိုင်ကြားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တိုင်ကြားထားတဲ့အမှုတွေကို BHRRC အဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း၊ H&M ဟာ သက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး၊ ဒေသတွင်းအဖွဲ့သားတွေကနေတစ်ဆင့် ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်လို့ H&M က ထုတ်ပြန်ပါတယ်။  

မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အထူးပဲ စိုးရိမ်ပူပန်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ H&M ရဲ့ စံနှုန်း လိုအပ်ချက်တွေနဲ့အညီ ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ စိန်ခေါ်မှုတွေ ပိုများလာနေပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။