ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ ဘေးကင်းလုံခြုံရေးဆောင်ရွက်ပေးဖို့ ကုလကို NTF တောင်းဆို
2024.12.28

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးနဲ့ မွေးရပ်မှာ သူတို့ရဲ့အခွင့်အရေးနဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂကို အတင်းအကျပ်ရွှေ့ပြောင်းခံရတဲ့ မြန်မာနိုင်ငံသားများဆိုင်ရာ အလုပ်အဖွဲ့ (NTF) က တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး Md. Jasim Uddin သဘာပတိအဖြစ် ဦးဆောင်ကျင်းပတဲ့ NTF ရဲ့ ၄၆ ကြိမ်မြောက် အစည်းအဝေးမှာ တိုက်တွန်းလိုက်တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေနဲ့ အိမ်ရှင်အသိုင်းအဝိုင်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်အောင် လုံလောက်တဲ့ ငွေကြေးထောက်ပံ့မှု ရရှိစေဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုလည်း ဒီအဖွဲ့က တိုက်တွန်းပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Jasim Uddin ကလည်း ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ရေရှည်တည်တံ့ပြီး မိမိဆန္ဒအလျောက်နေရပ်ပြန်ရေးဟာ တခုတည်းသောဖြေရှင်းချက်ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လည်း သူကတောင်းဆိုခဲ့ပါတယ်။
ဒီအစည်းအဝေးကို ကုလသမဂ္ဂအေဂျင်စီက ကိုယ်စားလှယ်တွေ၊ ကမ္ဘာ့ဘဏ်၊ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာ (RRRC) နဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။