ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု စိုးရိမ်ပူပန်ကြောင်း OIC ထုတ်ပြန်
2024.05.20
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရတာကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က မေလ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ မူဆလင်တွေ အကြမ်းဖက်ခံရတာ၊ အဓမ္မ ရွှေ့ပြောင်းခံရတာတွေနဲ့ ပိုင်ဆိုင်မှု ဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေတာကို OIC အထွေထွေအတွင်းရေးမှူးချုပ်ရုံးက နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း ကြေညာချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း OIC အထွေထွေအတွင်းရေးမှူးချုပ်ရုံးက အလေးပေးပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာတရားရုံး (ICJ) က ချမှတ်ထားတဲ့ ယာယီအစီအမံတွေကို အပြည့်အဝလိုက်နာဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ ချက်ချင်းပေးနိုင်ရေးကို OIC က တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်ဖို့အတွက် ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို OIC အထွေထွေအတွင်းရေးမှူးချုပ်ရုံးက တောင်းဆိုထားပါတယ်။
OIC ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။