ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအကူအညီ နည်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

2022.10.26
ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအကူအညီ နည်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ၂ဝ၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က မီးလောင်ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း။
Photo: Reuters

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာက ထောက်ပံ့တဲ့ အကူအညီတွေဟာ တစ်နှစ်ထက်တစ်နှစ် နည်းလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Shahriar Alam (ရှရီယာအလမ်)က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ နိုင်ငံရေးအရရော ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့နိုင်ငံတွေဘက်က ဘာမှလုပ်ပေးနိုင်တာ မရှိသေးဘူးလို့ ဝန်ကြီး ရှရီယာအလမ်က the Guardian သတင်းစာနဲ့ မေးမြန်းခန်းမှာ ဒီကနေ့ ပြောဆိုတာပါ။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးတွေမှာ မြန်မာစစ်ကောင်စီကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲနိုင်ရေး ဝိုင်းဝန်းကြိုးစားကြဖို့လည်း နိုင်ငံတကာကို သူက တောင်းဆိုပါတယ်။

ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးရတာ ငါးနှစ်ကျော်လာပြီဖြစ်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဘာမှဖိအားပေးနိုင်တာ မရှိဘူးလို့လည်း ဝေဖန်ပါတယ်။

ရိုဟင်ဂျာတွေ ဘဝရှင်သန်ရေးအတွက် ဒီနှစ်လိုအပ်တဲ့ ရန်ပုံငွေရဲ့ သုံးပုံတစ်ပုံပဲ ရထားသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး အစီအစဉ်က ပြောဆိုထားပါတယ်။ ဒါကြောင့် လာမယ့်နှစ်ဆိုရင် ရန်ပုံငွေရဖို့ ပိုခက်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။