ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်ကို ICG ပြောကြား

ခင်မောင်စိုး
2019.12.27
rohingya-bangladesh-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ ICG နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာစခန်းတွေကို ခြံစည်းရိုးကာခြင်း၊ ကင်းစင်တွေ ဆောက်လုပ် ခြင်း၊ အင်တာနက် ဆက်သွယ်မှု ပိတ်ပင်ခြင်း၊ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်ခြင်းနဲ့ ရိုဟင်ဂျာတချို့ကို ဘာဆန်ချာ ကျွန်းကိုပို့ဖို့ စီစဉ်နေခြင်း စတာတွေကို ပြုလုပ်နေတဲ့အတွက်  ပဋိပက္ခတွေ ကြီးမားလာမယ့် အန္တရာယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီပြဿနာကို အဖြေရှာတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဒုက္ခသည်တွေကို မြန်မာပြည်  မြန်မြန်ပြန်ပို့ဖို့ ပိုမို ကြိုးပမ်းရန်လိုအပ်သလို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဒုက္ခသည်တွေအတွက် ကောင်းမွန်တဲ့ နေရာ ထိုင်ခင်းတွေ၊ ပညာသင်ကြားရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ဖို့လိုပါတယ်၊ တကယ်လို့သာ လက်ရှိအတိုင်း ပိုမိုတင်းကြပ်စွာ ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် စိုးရိမ်ကြောက်လန့်တဲ့  ရိုဟင်ဂျာတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေ ဒုစရိုက်အဖွဲ့အစည်းတွေက ပိုမို စည်းရုံးသိမ်းသွင်းပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်တယ်လို့  ICG အစီရင်ခံစာမှာ သတိပေးထားပါတယ်။

တဆက်တည်းမှာပဲ လက်ရှိအခြေအနေတွေအရ ရိုဟင်ဂျာ ထောင်သောင်းများစွာဟာ ဘင်္ဂလားဒေ့ရှ်မှာ နှစ်ပေါင်းများစွာ ဆက်လက်သောင်တင်နေမယ်လို့ ခန့်မှန်းရတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့  ပြည်ပက ကူညီမယ့် အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး မြန်မာအစိုးရကို ဖိအားပေးဖို့သင့်သလို ရှေရှည်လုပ်ငန်းတွေကို ချက်ခြင်းစတင် ဆောင်ရွက်ဖို့လည်း လိုအပ်နေပြီလို့ နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ICG ရဲ့ အစီရင်ခံစာကို ကြိုဆိုကြောင်းနဲ့ သူတို့ ရိုဟင်ဂျာတွေကို ပညာသင်ကြားခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံလိုကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal အဆာဒုဇမန်း ခန် ကမားလ် က ရိုဟင်ဂျာတွေ အနေနဲ့ သူတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့တန်းတူ လွတ်လပ်မှုနဲ့ တခြားခံစားခွင့်တွေကိုရရှိဖို့ မမျှော်လင့် နိုင်ပါဘူး၊ သူတို့ကို လွတ်လပ်စွာ သွားလာခွင့်ပေးလိုက်ရင် ကျနော်တို့ နိုင်ငံတခုလုံး ပျံ့နှံ့ရောက်ရှိသွားပြီး ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ပါတယ်လို့ ICG ကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။