ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တသောင်းကျော်ရှိဟု ကုလအရာရှိပြောကြား
2016.11.30

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့ ပြောခွင့်ရသူ Vivian Tan ဗီဗီယန်တန်းက မိမိတို့ရရှိထားတဲ့စာရင်းတွေအရ လတ်တလောကာလအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာဦးရေဟာ အနည်းဆုံးတသောင်းရှိကြောင်း၊ အမှန်ပကတိဦးရေဟာ ဒီထက်များနိုင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဘင်ဂါလီ ခေါင်းဆောင်တချို့က မောင်တောဒေသကထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားရှိ နတ်မြစ်အတွင်းက ကျွန်းတခုပေါ်မှာ သောင်တင်နေတဲ့ ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး အဲဒီလူတွေ အခုအစာရေစာပြတ်နေကြပြီလို့ ပြောပါတယ်။
လတ်တလောကာလတွေအတွင်း ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက အစားအစာ၊ ဆေးဝါးနဲ့ နေထိုင်စရာတွေ ထောက်ပံ့ခြင်းမရှိကြောင်း၊ အဲဒီလိုကူညီရင် နောက်ထပ် အမြောက်အများ ထပ်မံထွက်ပြေးလာကြမှာကို စိုးရိမ်လို့ဖြစ်ကြောင်း စသဖြင့် AFP သတင်းမှာ ဖေါ်ပြထားပါတယ်။