တန်းတူညီမျှမှုအတွက် AA ကို ရိုဟင်ဂျာအဖွဲ့တွေ တောင်းဆို
2024.12.23

ရခိုင်ပြည်နယ်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ အားလုံးပါဝင်တဲ့ စီမံအုပ်ချုပ်ရေးအတွက် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ကို ရိုဟင်ဂျာအဖွဲ့ အစည်းတွေက ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အချက် ကိုးချက်ပါ ဒီတောင်းဆိုချက်ကို ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၂၈ ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
တောင်းဆိုချက်တွေထဲမှာ ရိုဟင်ဂျာ အပါအဝင် လူမှုအဖွဲ့အစည်းအားလုံးရဲ့ လုံခြုံမှုနဲ့ လူ့အခွင့်အရေးကို အာမခံချက်ပေးရေး၊ ယာယီအတိုင်ပင်ခံ ကော်မတီတစ်ရပ် တည်ထောင်ရေး၊ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုရေး၊ AA တပ်ဖွဲ့ဝင်တွေ လိုက်နာရမဲ့ ကျင့်ထုံးပြဋ္ဌာန်းရေးတို့ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်တပ်၊ AA နဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြစ်မှုကျူးလွန်တာတွေကို လွတ်လပ်စွာ စုံစမ်းစစ် ဆေးခွင့်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို ကန့်သတ်မှုမရှိ ခွင့်ပြုပေးဖို့၊ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့၊ ဆက်သွယ်ရေးနဲ့ အင်တာနက်အသုံးပြုမှု ထိန်းချုပ်ကန့်သတ်တာကို အဆုံးသတ်ဖို့နဲ့ အငတ်ဘေးက ကာကွယ်ဖို့အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင်ပိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်မှာ AA က သိမ်းပိုက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ရိုဟင်ဂျာတွေ အများဆုံးနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၁၃ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။