ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ ကယ်တင်ဖို့ APHR တောင်းဆို

RFA Burmese
2024.05.18
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ ကယ်တင်ဖို့ APHR တောင်းဆို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
RFA

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အစုအပြုံလိုက်သတ်ဖြတ်မှု မဖြစ်အောင် အမြန်ဆုံးဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မနေ့က အရေးပေါ် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

APHR ရဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ဘူးသီးတောင်မြို့က ရိုဟင်ဂျာ အရပ်သားတွေနဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေဟာ မေလ ၁၇ ရက်ကတည်းက AA ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ခံနေရတဲ့အကြောင်း၊ အသက်ဆုံးရှုံးမှုတွေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ မဖြစ်အောင် နိုင်ငံတကာက အမြန်ဆုံးတုံ့ပြန်ဖို့ လိုတဲ့အကြောင်း APHR ဥက္ကဋ္ဌ အင်ဒိုနီးရှား ပါလီမန်အမတ် Mercy Chriesty Barends က ပြောကြားပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ဘူးသီးတောင်မြို့ကို AA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရိုဟင်ဂျာတွေကို မြို့ထဲကနေ ထွက်သွားခိုင်းကြောင်း၊ APHR အဖွဲ့ဝင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်အိမ် အပါအဝင် ရိုဟင်ဂျာ နေအိမ် အများအပြား မီးရှို့ခံခဲ့ရကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်၊ လက်ပံတောင်းမြို့နယ်၊ ငကြီးဒေါင်းကျေးရွာတွေမှာ AA က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေကြောင်း APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွာလုံးကျွတ် အစုအပြုံလိုက် သတ်ဖြတ်မှုနဲ့ မီးရှို့မှုတွေကြောင့် ရိုဟင်ဂျာ သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့အပြင် ၇ သိန်း ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုအားလုံးကို တားဆီးဖို့ ယာယီအမိန့်ချမှတ်ခဲ့ကြောင်း၊ မြန်မာစစ်ကောင်စီရော ရက္ခိုင့်တပ်တော် AA ကပါ ဒီအမိန့်ကို မလိုက်နာဘူးဆိုတာ ထင်ရှားကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကို အရေးယူတာတွေ မလုပ်ရင် နောက်ထပ်အသက်ပေါင်းများစွာ ဆုံးရှုံးရမှာဖြစ်ပြီး အိုးအိမ်ရွှေ့ပြောင်းမှုတွေလည်း ပိုများလာနိုင်သလို ဒေသတွင်းအကျပ်အတည်းပိုပြီး ဆိုးရွားလာမှာဖြစ်ကြောင်း APHR ဥက္ကဋ္ဌ Barends က ပြောကြားပါတယ်။

APHR ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ ရက္ခိုင့်တပ်တော် (AA) ကို RFA က ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။