မြန်မာကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင်ဖို့ ကုလလူ့အခွင့်အရေးအကြီးအကဲ တောင်းဆို
2018.03.09
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းတမ်းစွာပြုမူမှုတွေအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ စွဲချက်တင်နိုင်ရေး ကုလသမဂ္ဂမှာ အစည်းအဝေးခေါ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုရယ်လို့ သံသယဝင်စရာ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စစ်ဆေးနိုင်ရေးအတွက် စုံစမ်းစောင့်ကြည့်မယ့်အဖွဲ့တွေကို ရခိုင်ပြည်နယ်အတွင်း ဝင်ခွင့်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဇိရက် အယ်လ်ဟူစိန်က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့ ကျနော်တို့ သံသယကြီးကြီးမားမားရှိပါတယ်။ ဒါပေမဲ့ တရားရုံးကသာ အဲဒီကိစ္စ ဟုတ်၊ မဟုတ်ဆိုတာကို အတည်ပြုပေးနိုင်မှာပါလို့ ဇိရက် အယ်လ်ဟူစိန်က ဂျနီဗာမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မြန်မာနိုင်ငံက လူမျိုးတုံး သုတ်သင်မှုနဲ့ပတ်သက်လို့ သံသယဖြစ်ဖွယ်ရှိတဲ့ အထောက်အထားတွေပါဝင်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီကနေ့ တင်သွင်းလိုက်ပြီး၊ လူမျိုးတုံးသုတ်သင်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်လို့ သူ့အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။