စစ်ခေါင်းဆောင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အမှုဖွင့်ဖို့ အာဂျင်တီးနား တရားရုံး လက်ခံ
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ အာဂျင်တီးနားနိုင်ငံ တရားရုံးက လက်ခံလိုက်ပြီလို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဗြိတိန်အခြေစိုက် BROUK (Burmese Rohingya Organization UK) က ထုတ်ပြန်လိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ ဆက်လက်ဖုံးကွယ်ထားလို့ မရတော့ဘူးလို့ BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။
"ရိုဟင်ဂျာတွေသာမက နေရာတိုင်းက အဖိနှိပ်ခံတွေအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာတဲ့နေ့ ဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်သူတွေအတွက် ဖုံးကွယ်ထားလို့ မရကြောင်း အာဂျင်တီးနား က ဆုံးဖြတ်ချက်ဟာ ပြသနေပါတယ်"
လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အရေးယူသွားဖို့ အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် Buenos Aires မှာရှိတဲ့ ဖက်ဒရယ် ရာဇဝတ်တရားရုံး ဒုတိယလွှတ်တော်ကနေ နိုဝင်ဘာ ၂၆ ရက်မှာ အတည်ပြုလိုက်တာလို့ BROUK က ထုတ်ပြန်ထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အရေးယူနိုင်ဖို့အတွက် အာဂျင်တီးနားနိုင်ငံ တရားရုံးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ BROUK က ပထမဆုံးအကြိမ် တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်တွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေ တိမ်းရှောင်ခဲ့ရတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောထားပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် မြန်မာစစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။