လူမျိုးတုံးသတ်ဖြတ်တဲ့ အထောက်အထားပြဖို့ ဦးသောင်းထွန်း ပြော
2018.03.08

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် လူမျိုးစု ရှင်းလင်းတာ၊ လူမျိုးတုံးသတ်ဖြတ်တာ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခိုင်လုံထင်ရှားတဲ့ သက်သေအထောက်အထားတွေရှိရင် တွေ့မြင်လိုပါကြောင်း မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောလိုက်ပါတယ်။
ကြာသပတေးနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ်ဟူစိန်က မြန်မာစစ်တပ်အနေနဲ့ လူမျိုးတုံး သတ်ဖြတ် မှုမြောက်တဲ့ လုပ်ရပ်တွေကျူးလွန်ခဲ့တယ်လို့ သံသယဖြစ်ဖွယ်ရာတွေ ကြီးကြီးမားမားရှိနေကြောင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတွေကို ရှင်းလင်းဖျောက်ဖျက်ခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ပေါ်ထွက် လာခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။
အဲဒီပြောဆိုချက်အပေါ် အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ရခိုင်ပြည်နယ်တွင်းမှာ မွတ်စလင် အသိုင်းအဝိုင်း ကြီးကြီးမားမား နေထိုင်နေကြဆဲဖြစ်ကြောင်း၊ တကယ်လို့ လူမျိုးတုံး သတ်ဖြတ်တာတွေသာ ပေါ်ပေါက်ခဲ့မယ်ဆိုရင် သူတို့အားလုံး အခုလိုရှိနေကြမှာ မဟုတ်ကြောင်း သတင်းထောက်တွေကို တုံ့ပြန်ပြော ကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီ လူမျိုးစု ရှင်းလင်းတာ၊ လူမျိုးတုံးသတ်ဖြတ်တာဆိုတဲ့ စွပ်စွဲချက်တွေဟာ အဓိပ္ပါယ်ပြင်းထန်လှတဲ့အတွက် အလွယ်တကူ ပေါ့ပေါ့ဆဆ မပြောဆို မသုံးနှုန်းသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း တက်ကနဖ် အနီးမှာရှိတဲ့ နရာပရာ ဒုက္ခသည်စခန်းမှာ မနေ့က မူးယစ်ဆေး ဝါးကိစ္စနဲ့ ပတ်သက်ပြီး သေနတ်ပစ်မှုဖြစ်ပွားခဲ့ရာမှာ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူ မွတ်စလင်တစ်ဦး သေဆုံး ခဲ့ပြီး၊ နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။