ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.01.06
ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီလ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ယောကျာ်းလေးက ၁၉ ယောက်၊ မိန်းကလေးက ငါးယောက်၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်က ယောကျာ်းလေး တစ်ယောက်၊ မိန်းကလေးက နှစ်ယောက် စုစုပေါင်း ၂၇ ယောက်မိတာ”

ဒီလူတွေကိုလက်ခံထားတဲ့ အိမ်ရှင်နဲ့ ပွဲစားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြ ပါတယ်။ အခု ဖမ်းဆီးရမိသူတွေဟာ ဘယ်ကလာပြီး ရွှေပြည်သာမြို့နယ်ထဲကို ရောက်နေတာ ဘယ်လောက်ကြာနေပြီဆိုတာကိုတော့ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။

ရိုဟင်ဂျာတွေကို သတင်းပေးတဲ့သူတွေရှိလို အခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ရွှေပြည်သာမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်အခြေအနေတွေက ဆိုးဝါးလာတဲ့အခါ ပိုကောင်းမွန်တဲ့ အနာဂတ်တွေရနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည် စခန်းတွေကနေ ရိုဟင်ဂျာတွေ အုပ်စုလိုက် ထွက်ပြေး လာကြတာဖြစ်ပြီး အများစုဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးစားကြတာပါ။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ရင် သဘောထား ပျော့ပြောင်းတဲ့ NLD အစိုးရ လက်ထက် မှာတော့ အခုလို ထွက်ပြေးလာ တဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိရင် ထောင်ချလေ့ မရှိဘဲ စရိတ်အကုန်ခံပြီး မူလနေထိုင်ရာ ဒေသတွေဆီကို ပြန်ပို့ပေးခဲ့ပေ မယ့် စစ် ကောင်စီ လက်ထက်မှာတော့ လဝက ဥပဒေတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာကို တွေ့ရပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန် ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်အထိ ရိုဟင်ဂျာ ၁၆၅၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၇၁ ဦးကတော့ လဝက ဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။