KBZ ဘဏ်ခွဲမှာ လုယက်မှုဖြစ်ပွား
2018.01.23

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို လက်နက်ကိုင်ဆောင်ထားသူ ၄ဦး ဝင်ရောက် လာပြီး ငွေကျပ်သိန်း ၉၂၀ ကျော် လုယူခံလိုက်ရတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ တရားဝင်ဖေ့ဘွတ်စ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ဝင်ရောက်လုယက်သွားသူ ၄ဦးနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အခြေအနေကို မြစ်ကြီးနားမြို့မ ရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ် က အခုလိုပြောပါတယ်။
"ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတဲ့လူ ၄ ယောက်ဝင်ရောက်လာပြီးတော့ အတုလား၊ အစစ်လားတော့ မသိဘူးပေါ့နော်၊ သေနတ် ၁ လက်ပါလာတယ်၊ ငွေကတော့ သိန်း ၉၂၀ ပါသွားတယ်လို့ သိရတယ်၊ လုယက်မှုပုဒ်မ ၃၉၄/၁၁၄ နဲ့ အမှုဖွင့်လှစ်သွားဖို့ရှိပါတယ်၊ ၁၀ နှစ်ကအနည်းဆုံးပါပဲ"
မြို့ရွာအဝင်အထွက် ဂိတ်တွေကို ပိတ်ဆို့ စိစစ်နေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ကမ္ဘောဇဘဏ်တာဝန်ရှိသူတွေက မြစ်ကြီးနားမြို့မ ရဲစခန်းမှာ ပူးပေါင်းကြံစည်လုယက်မှုပုဒ်မ ၃၉၄/၁၁၄ နဲ့ ဖွင့်လှစ်ထားပါတယ်။
မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဖားကန့်၊ မိုးကောင်းစတဲ့ ကချင်ပြည်နယ်က မြို့ရွာတွေအားလုံးနီးပါးမှာ လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ဒေသအာဏာပိုင်တွေက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။