နိုင်ဂျီးရီးယားနိုင်ငံသား ငါးဦးအပါအဝင် ၁၁ ဦး ငွေကြေးလိမ်လည်မှုဖြင့် ဖမ်းဆီးခံရ

RFA Burmese
2023.02.21
နိုင်ဂျီးရီးယားနိုင်ငံသား ငါးဦးအပါအဝင် ၁၁ ဦး ငွေကြေးလိမ်လည်မှုဖြင့် ဖမ်းဆီးခံရ ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ဘဏ်အကောင့်များမှတစ်ဆင့် ငွေကြေးလိမ်လည်မှုဖြစ်နိုင်ပုံကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပုံ။
Myanmar Military

နိုင်ဂျီးရီးယားနိုင်ငံသား ငါးဦးအပါအဝင် ၁၁ ဦးကို ကမ္ဘောဇ (KBZ) ဘဏ်အကောင့်တွေက တစ်ဆင့် ငွေကြေးလိမ်လည်ခဲ့တာကြောင့် ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့မှာနေထိုင်တဲ့ အမျိုးသမီး တစ်ဦးရဲ့ KBZ ဘဏ်ထဲက ကျပ်ငွေ သိန်း ၁၀၂၀ ကို အွန်လိုင်းအသုံးပြုပြီး လိမ်လည် ထုတ်ယူခံရသလို ဖေဖော်ဝါရီလ ၉ ရက်ကလည်း ကမာရွတ်မှာနေထိုင်သူ အမျိုးသမီး တစ်ဦးရဲ့ KBZ ဘဏ်အကောင့်ကနေ သိန်း ၃၇၀ ထုတ်ယူခံခဲ့ရတာပါ။

လိမ်လည်ထုတ်ယူသွားတဲ့ ငွေကြေးတွေစီးဆင်းခဲ့ရာ ဘဏ်အကောင့်တွေကနေ စုံစမ်းပြီး ဘဏ်အကောင့်တွေ ဖွင့်လှစ်ရောင်းချပေးခဲ့တဲ့ အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်မှာ စတင်ဖမ်းဆီးရမိတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီခြောက်ဦးရဲ့ ပြောဆိုချက်အရ ငွေကြေးလိမ်လည်ခဲ့သူ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူ နိုင်ဂျီးရီးယားနိုင်ငံသူတစ်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်မှာ သန်လျင်မြို့ Star City အိမ်ရာကနေ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးကတဆင့် နောက်ထပ် နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦးကိုလည်း Star City အိမ်ရာမှာပဲ ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြ မထားသလို KBZ ဘဏ်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

အဲဒီ ၁၁ ဦးဟာ KBZ pay အကောင့်အဆင့်မြှင့်တင်ပေးတဲ့ ဝန်ထမ်းအယောင်ဆောင်ပြီး လိမ်လည်ခဲ့ကြတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီလိမ်လည်မှုအတွင်း ပြည်ပနိုင်ငံတွေမှာရှိနေသူတွေ ပါဝင်ပတ်သက်နေတဲ့အတွက် သူတို့ကို ဖမ်းဆီးနိုင်ဖို့ နိုင်ငံတကာရဲအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ် လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။