အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ၇၀ ကျော်ဖမ်းဆီးခံရ

RFA Burmese
2023.03.01
အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ၇၀ ကျော်ဖမ်းဆီးခံရ စစ်ကောင်စီဖမ်းဆီးလိုက်သည့် တရားမဝင် အွန်လိုင်းချေးငွေလုပ်ငန်းတစ်ခုမှာ ပါဝင်သူများအား စစ်ကောင်စီ ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်။
Myanmar Military

မိုဘိုင်းအပလီကေးရှင်းတွေကတစ်ဆင့် အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၇၀ ကျော်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီလုပ်ငန်းတွေကို ဦးရန်နိုင်ကျော် (ခ) အားဖုက ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က နေအိမ်တချို့ကို ဝင်ရောက်စီးနင်းစဉ်မှာ ဖမ်းမိခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ ခေါင်းဆောင်ဖြစ်တဲ့ ဦးရန်နိုင်ကျော်ရဲ့ ဘေးဘက်မှာ Sunny အမည်နဲ့ တရုတ်နိုင်ငံသားတစ်ဦးကပါ ဦးဆောင်နေကြောင်းကို ဖော်ပြထားပေမယ့် အသေးစိတ်ရေးသားထားတာ မရှိပါဘူး။

အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်း၊ အွန်လိုင်း ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနဲ့ တရားမဝင် အွန်လိုင်းချေးငွေလုပ်ငန်းတွေ လုပ်ကိုင်တဲ့ အမှုပေါင်း ငါးမှုအတွက် အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့နဲ့အတူ လက်တော့ပ်ကွန်ပျူတာ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀၊ ဆင်းကတ် ၇၄၁ ကတ်အပါအဝင် အွန်လိုင်း လောင်းကစားဂိမ်းတွေအတွက် အသုံးပြုတဲ့ ဘဏ်အကောင့်နဲ့ အွန်းလိုင်းငွေပေးချေတဲ့ အပလီကေးရှင်းတွေက ကျပ်ငွေ သိန်း ၄၈၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းနှစ်နှစ်အတွင်း ကြီးထွားလာတဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို အရေးယူတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပထမဆုံးထုတ်ပြန်လာတာပါ။

ဖေ့ဘွတ်ခ်နဲ့ ယူကျုလိုမျိုး လူမှုကွန်ရက်စာမျက်နှာတွေက လူစိတ်ဝင်စားမှုများပြားတဲ့ Page တွေနဲ့ လူသိများထင်ရှားသူတချို့ရဲ့ ဖျော်ဖြေရေး ရုပ်သံဖိုင်တွေမှာလည်း အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလာတာတွေ ရှိနေတယ်လို့ အွန်လိုင်းအသုံးပြုသူတွေက ပြောပါတယ်။

မိုဘိုင်းအပလီကေးရှင်းတွေကတစ်ဆင့် ဘောလုံးပွဲ၊ နှစ်လုံးထီနဲ့ ချဲထီတွေအတွက် လောင်းကစားလုပ်လို့ ရနိုင်သလို ငါးပစ်ဂိမ်း၊ ဖဲဂိမ်း အပါအဝင် ဂိမ်းအမျိုးစားပေါင်း ရာနဲ့ချီကို လောင်းကစားပြုလုပ်နိုင်တဲ့ နောက်ထပ် လောင်းကစားလုပ်ငန်းတွေလည်း အများအပြား ကျန်ရှိနေသေးတယ်လို့ အွန်လိုင်းအသုံးပြုသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။