ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်က ပြည်သူ့လွတ်တော် အမတ်လောင်း နေရာအတွက် ဒီကနေ့ မဲပေးကြရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲရုံရဲ့ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ် စည်းရုံးနေတာတွေ ရှိခဲ့သလို ပြည်သူ တစ်ရာခန့်ဟာလည်း မဲစာရင်းမှာ အမည်စာရင်းမပါလို့ မဲပေးခွင့် မရခဲ့ကြကြောင်း သိရပါတယ်။

2012.04.01
assk-shan-campaign-0301-b305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင်များ၏ မတ်လဆန်းပိုင်း ရှမ်းပြည်တောင်ပိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကလော၊ အောင်ဘန်း၊ ဟဲဟိုးမြို့များတွင် ရပ်နား ဟောပြောခဲ့သည်။
AFP

မည်သူမဆို ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံအတွင်းမှာဖြစ်စေ၊ မဲရုံမှကိုက် ၅၀၀ အကွာ အတွင်း၌ဖြစ်စေ မဲဆွယ်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးဦးကို လွတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့၊ မပေးဖို့ တိုက်တွန်း သွေးဆောင်ခြင်း မပြုရလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ ကလောမြို့နယ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက ဥပဒေ ချိုးဖောက်နေကြောင်း NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ဒေါက်တာ ဒေါ်သန်းငွေက ပြောပါတယ်။

"နန်းနိုင်မှာ မဲရုံ ၃ ရုံ ရှိတဲ့အထဲမှာ ညောင်ပင်ကုန်းဆိုတဲ့ မဲရုံရယ်၊ မြင်းကဘော်ဆိုတဲ့ မဲရုံ။ အဲဒီ၂ ရုံနားမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းတွေက မဲရုံနဲ့ ကိုက် ၂၀၀ အတွင်းမှာ ကြံ့ဖွံ့အဖွဲ့ဝင် ၅ ယောက်က မဲလက်မှတ်လေးတွေ ခေါက်ပြီးတော့မှ ပိုက်ဆံ ၃၀၀၀ ထည့်ပြီးတော့မှ ရော့ ဒါလေး ကိုယ့်နံပါတ်လေး မှတ်သွားအုံး ဆိုပြီးတော့မှ စာရွက်လေးနဲ့ သူတို့ ပိုက်ဆံတွေ ထည့်ထည့်ပေးနေပါတယ်။ နောက်တစ်ခုက ဘောစိုင်းက ရွာဟောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လာစည်းရုံးတာ ဝတ်စုံပြည့်တွေနဲ့ ထော်လာဂျီနဲ့ အလံထောင်ပြီးတော့ လာစည်းရုံးတာ။ အဲဒီ သုံးနေရာပဲ"

ကလောမြို့နယ်ထဲမှာ ဒီလိုမဲဆွယ် စည်းရုံးနေမှုတွေကို သက်သေအထောက်အထားတွေ ရယူထားပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကို တိုင်ကြားထားတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ကလော ပြည်သူ့လွတ်တော် အမတ်နေရာအတွက် မဲဆန္ဒပေးမယ့် ပြည်သူ တစ်ရာခန့် ဟာလည်း အောင်ပန်းမြို့နယ်က ရပ်ကွက် ၃ မှာနေထိုင်တဲ့ သက်သေ အထောက်အထားတွေ ရှိပေမယ့် အောင်ပန်း အမက စာသင်ကျောင်း ၁၂ က မဲရုံမှာ မဲပေးခွင့် မရခဲ့ဘူးလို့ အောင်ပန်းမြို့နယ်က မဲရုံတွေကို လိုက်ကြည့်ခဲ့တဲ့ NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

"လူတစ်ရာလောက်က မဲပေးခွင့်မရဘူး။ သူတို့က မဲစာရင်းမှာ မပါလို့ မရတာ၊ သူတို့မှာ အိမ်ထောင်စု ဇယားတွေရှိတယ်။ မှတ်ပုံတင်တွေလည်း ရှိတယ်။ ဒီမှာနေတာလည်း ကြာပြီ။ ဘာလို့ သူတို့ မဲပေးခွင့်မရလည်း ဆိုပြီးတော့ နည်းနည်း စုစုဆူဆူ ဖြစ်သွားတယ်။ ကျွန်မ ခရိုင်ကော်မရှင် ဥက္ကဋ္ဌနဲ့ ဆက်သွယ်ပြီးတော့ မေးလိုက်တယ်။ အဲဒါက ကျွန်မတို့က မဲစာရင်းမှာ မပါရင် ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ တင်ရမှာလေ။ အဲဒါတွေကို မတင်ဖြစ်ခဲ့ဘူး။ အဲဒါကြောင့်မို့လို့ ဒီလူတွေ မဲပေးခွင့် မရတာပေါ့နော်။ မဲပေးခွင့် မရတဲ့လူတွေကတော့ တော်တော်လေးကို မကျေမနပ် ဖြစ်သွားတယ်"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးကို ဆက်သွယ်မေးမြန်းရာ ပါတီအချင်းချင်း အပြန်အလှန် တိုင်ကြားထားမှုတွေ ရှိနေကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"အဲဒါတွေက တိုင်တာကတော့ အခုလတ်တလော သူတို့ဟာသူတို့ approve လုပ်ပြီး တိုင်လိမ့်မယ်။ နောက်ပိုင်းကျရင် ကန့်ကွက်လွှာ တင်ကြတော့ပေါ့။ ကော်မရှင် ဥပဒေအရ ဆိုလို့ရှိရင် သူတို့က ကန့်ကွက်လွှာ တင်ရမယ်။ ကိုက် ၅၀၀ အတွင်း စည်းရုံးပြီးတော့မှ မဲယူသွားတယ်။ ဒါတွေကတော့ အခုတိုင်တယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့လည်း ကွင်းဆင်းပြီး မကြည့်နိုင်ဘူးလေ။ တိုင်နေပြီးတော့ နိုင်သွားတဲ့ အခါကျတော့ နိုင်တဲ့ပါတီက နောက်ဆုတ်သွားရော။ ကျွန်တော်တို့က ဒီမှာ ဒီးစေရှင်း လုပ်ဖို့ မဟုတ်ဘူး၊ သူတို့တိုင်တဲ့ဟာကို ကွန်ဗိုင်း လုပ်ပြီးရင် ပြည်တောင်စု ကော်မရှင် ရွေးကောက်ပွဲခုံကို တင်ပေးရုံပဲ"

ကလောမြို့နယ်က ပြည်သူ့လွတ်တော်နေရာကို NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစညပါတီ၊ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်နဲ့ ကျားဖြူပါတီ၊ စုစုပေါင်း ပါတီ ၅ ပါတီက ယှဉ်ပြိုင် အရွေးခံကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။