ရွှေဘိုမှာ ဓားပြတိုက်ခံရပြီး နှစ်ဦးအသတ်ခံရ

RFA Burmese
2024.05.04
ရွှေဘိုမှာ ဓားပြတိုက်ခံရပြီး နှစ်ဦးအသတ်ခံရ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်ကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။
MOI

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၉) ရပ်ကွက်က နေအိမ်တစ်အိမ်ကို မေလ ၃ ရက်နေ့ မနက်ပိုင်းက လူတစ်စုဓားပြ၀င်တိုက်ပြီး အိမ်ရှင်နှစ်ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ရွှေဘိုမြို့ခံတွေက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးဘိုကေနဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ဟာ နေအိမ်ပေါ်မှာ ကြိုးတုပ်သတ်ဖြတ်ခံထားရသလို ရွှေ၊ ငွေ လက်ဝတ်လက်စားတချို့ပါ ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

သေဆုံးသွားသူနှစ်ဦးကိုတော့ ရွှေဘိုပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုတဲ့ ရွှေဘိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အဲဒီနေ့က သူ့အမျိုးတွေက အိမ်ကိုသွားကြည့်မှ အသတ်ခံထားရမှန်း သိတာ။ သေနတ်တစ်ချက်စီ ပစ်ခံထားရတယ်။ ခန္ဓာကိုယ်တွေမှာလည်း ဓားဒဏ်ရာတွေနဲ့။ သူတို့အိမ်ခန်းထဲမှာ ကြိုးတုပ်လျက်နဲ့ ပါးစပ်တွေကို အဝတ်တွေထိုးထည့်ခံထားရတယ်လို့ ပြောတယ်။ ရွှေငွေတွေ ပါသွားတယ်ဆိုပေမယ့် အတိအကျတော့ မသိရသေးပါဘူး"

အသတ်ခံရသူနှစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံအားပေးသူတွေလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ရွှေငွေလက်ဝတ်ရတနာ ပစ္စည်းတချို့နဲ့ ဆိုင်ကယ်တစ်စီးကို ဓားပြတိုက်သူတွေ ယူဆောင်သွားတာကြောင့် အရေးယူဖို့အတွက် ရွှေဘိုမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။