ပုဒ်မ ၁၈ နဲ့ အရေးယူထောင်ချ တာတွေ သုံးသပ်ပေးဖို့ ရခိုင်ပါတီ တောင်းဆို
2013.09.28

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထုတ်တာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို အခုလိုပြောပါတယ်။
"ရခိုင်ပြည်နယ်တစ်ခုလုံးမှာ လူပေါင်း ၂ဝ ကျော်ဟာ ဒီပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတယ်၊ ပြစ်ဒဏ်ပေး ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဒါဥပဒေကြောင်း အရ မညီညွှတ်ဘူးလို့ ကျနော်တို့က မြင်တဲ့ အတွက်ကြောင့် တဘက်က ထိခိုက်နစ်နာမှုတွေကို ပြန်ပြီးတော့ စဉ်းစားလို့ရအောင်လို့ ဒီကြေညာချက်ကို ထုတ်ရတာဖြစ်ပါတယ်”
အဲဒီကြေငြာချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်း ပုဒ်မ ၁၈ နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဟာ ဥပဒေနဲ့အညီ ခွင့်ပြုမိန့်တောင်းခံခဲ့ကြပေမယ့် ခိုင်လုံတဲ့အကြောင်းပြချက်တွေမရှိဘဲ ငြင်းပယ်တာတွေအပြင် တရားစွဲခံရတာတွေ၊ ပြစ်ဒဏ်ချမှတ်ခံရတာတွေကို ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ တရားစီရင်ရေး တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မဒေးကျွန်းဆန္ဒပြခြင်းမှာ တောင်းဆိုချက် ၉ ချက်ကို အလေးထားဖြေရှင်းမှုမရှိဘဲ ပါဝင်ပတ်သက်သူ ၁ဝ ဦးကို အပြစ်ပေးဆုံးဖြတ်ခြင်းဟာ မဒေးကျွန်းပြည်သူတွေရဲ့ လူမှုဒုက္ခရောက်နေမှုကို မျက်ကွယ်ပြုရာရောက်နေသလို ခြိမ်းခြောက်ဖြေရှင်းခြင်း ဖြစ်နေတဲ့အတွက် အဲဒီတောင်းဆိုချက် ၉ ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့နဲ့ ရခိုင်ပြည်နယ်မှာပြုလုပ်တဲ့ စီမံကိန်းတွေမှာ ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒကို အလေးထားဖို့လိုအပ်သလို အဲဒီစီမံကိန်းတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားကဏ္ဍတွေ ပျက်စီးဆုံးရှုံးမှုမရှိရအောင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဒေသအာဏာပိုင်တွေကို တိုက်တွန်းကြောင်းစတဲ့ အချက်တွေ ပါဝင်ပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် ခွင့်ပြုမိန့်ကို ငြင်းပယ်ခြင်းမပြုရလို့ ပြဌာန်းထားတဲ့အတွက် ဒီကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့သူတွေအနေနဲ့ ဥပဒေနဲ့အညီ၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။