အရပ်သား လက်နက်ကိုင်ဆောင်ခွင့် စစ်ကောင်စီ ထုတ်ပြန်
2023.02.11
အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ဒီနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာလုပ်ခဲ့တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအဝေးက သဘောတူညီခဲ့တာလို့ ဖော်ပြထားပါတယ်။
လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက်အမျိုးအစား ငါးခုရှိပြီး အဲဒီထဲမှာ ကိုးမီလီမီတာနဲ့ အဲဒီထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ အဲဒီထက် အဝငယ်တဲ့ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်၊ လေသေနတ်တွေ ပါဝင်ပါတယ်။
ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ အမျိုးအစားမှာတော့ ၉ မီလီမီတာနဲ့ အဲဒီထက် ပြောင်းဝကျယ်တဲ့ ပစ္စတို၊ ရိုင်ဖယ်နဲ့ စက်သေနတ်အငယ်စားတွေ ပါဝင်ပါတယ်။
လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူဟာ နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်သူ၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်ရေးကို အနှောင့်အယှက်မပြုသူ၊ အရေးယူ မခံရဖူးသူ၊ စိတ်ပေါ့သွပ်သူ မဖြစ်ရဘူးလို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
ဒီအပြင် လက်နက်ကိုင်ခွင့်ရသူတွေအနေနဲ့ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းနဲ့ ဒုစရိုက်နှိမ်နင်းရာမှာလည်း ပါဝင်ဖို့ စစ်ကောင်စီက ညွှန်ကြားရင် လိုက်နာရမယ်လို့လည်း ရေးသားထားပါတယ်။