ရဲအုပ်သေနတ်ဖောက်ခြိမ်းခြောက်


2016.05.28
gun-police-kayah-620.jpg မော်ချီးရဲအုပ် အောင်စိုးတင့် သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေစဉ်
Photo: Mg Mg Linn Let/ Facebook

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးမှာရှိတဲ့ အလင်းတန်းပြောင်းရွှေ့ကျေးရွာမှာ မနေ့ညနေက အရပ်ဝတ်နဲ့ ရဲအုပ်တစ်ဦးက အရက်ဘီယာရောင်းတယ် ဆိုပြီး ဒေသခံတစ်ဦးကို ဖမ်းမယ်လို့ ပြောရာက အဲဒီရွာဒေသခံတွေက ဖမ်းဝရမ်းပြဖို့ တောင်းခံရာမှာ အခြေအတင် စကားများပြီး ရဲအုပ်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပါတယ်။

ဒေသခံတွေက လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့အထိ သွားရောက်တိုင်ကြားရာမှာ မူးယစ်ရမ်းကားခဲ့တဲ့ မော်ချီး ရဲအုပ် အောင်စိုးတင့်ကို ရဲဥပဒေလုပ်ထုံးလုပ်နည်း နဲ့အညီ အရေးယူသွားမယ်လို့ ကယားပြည်နယ် ရဲမှူးဦးစီး ရဲမှူးတင့်ဝေ့က RFA ကို ပြောပါတယ်။

"ကျနော်တို့ရဲ့တပ်ဖွဲ့က ပြည်သူ့ဝန်ဆောင်မှုကို ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်သွားတဲ့အတွက် ရဲစည်းကမ်းဥပဒေနဲ့အညီ အရေးယူသွားမှာပါ၊ ပြည်သူတွေ ရဲ့နစ်နာမှုကို မရှိစေရပါဘူး၊ ထိရောက်စွာ အရေးယူသွားမှာပါ"

မနေ့ညနေက ရောက်လာတဲ့ ရဲအုပ်အောင်စိုးတင့်ဟာ သောက်ထားတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စကို မကျေနပ်တဲ့ဒေသခံတွေက မော်ချီးဒေသ အုပ်ချုပ်ရေးမှူးထံလည်း ဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုထားပါတယ်။

အလင်းတန်းကျေးရွာဟာ မော်ချီးဒေသမှာမြေပြိုပြီး အိုးအိမ်ဆုံးရှုံးခဲ့တဲ့သူတွေအတွက် ပြန်လည်နေရာချထားပေး တဲ့ရွာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။