မူလနေရာပြန်ရဖို့ တောင်းဆိုခဲ့တဲ့ မင်္ဂလာဒုံဒေသခံအချို့ သေနတ်ပစ်ဖောက် မောင်းထုတ်ခံရ

RFA Burmese
2023.02.07
မူလနေရာပြန်ရဖို့ တောင်းဆိုခဲ့တဲ့ မင်္ဂလာဒုံဒေသခံအချို့ သေနတ်ပစ်ဖောက် မောင်းထုတ်ခံရ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က အိမ်ဖျက်သိမ်းခံလိုက်ရသူများ နေစရာပြန်ရရေးအတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့က စံသမာဓိ ရပ်ကွက်ရှေ့ ကားလမ်းဘေးတွင် စုဝေးတောင်းဆိုနေကြစဉ်။
RFA

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ကျူးကျော်ဆိုပြီး ဖျက်သိမ်းခံလိုက်ရသူတွေဟာ နေရာပြန်ရဖို့အတွက် စံသမာဓိရပ်ကွက်ရှေ့ ကားလမ်းဘေးမှာ သုံးရက်မြောက်အဖြစ် ဇန်နဝါရီလ ၇ ရက်က စုဝေး တောင်းဆို ခဲ့ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက် မောင်းထုတ်ခဲ့သလို ဧည့်စာရင်းလည်း မပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်ထဲမှာရှိတဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်း စတဲ့ရပ်ကွက်တွေကို တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖျက်သိမ်းခဲ့တာပါ။

အဲဒီရပ်ကွက်ငါးခုမှာ အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေငါးသောင်းနီးပါး နေထိုင်ခဲ့ကြပြီး လက်ရှိနေထိုင်ရေးအခက်အခဲကြောင့် မူလနေရာမှာ ပြန်နေထိုင်ခွင့်ရဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး စံသမာဓိ ရပ်ကွက်ရှေ့မှာ လူဦးရေတစ်ရာဝန်းကျင်နဲ့ စုဝေးတောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဒီအပေါ် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက် မောင်းထုတ်ခဲ့ပြီး ဧည့်စာရင်းပါ မပေးတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နွယ်ခွေ ငှားနေတဲ့သူတွေရယ်၊ ကုန်းတလပေါင် ငှားနေတဲ့သူတွေကို ဧည့်စာရင်း ပိတ်တယ်။ ဧည့်စာရင်းလည်း မပေးတော့ဘူးတဲ့။ အဆောင်ပိုင်ရှင်တွေကိုလည်း ဒီလူ တွေကိုမငှားရဘူးဆိုပြီး မောင်းထုတ်တယ်။ သေနတ်ကိုးချက်လည်း ဖောက်တယ်။ ခုမနက်လည်း သေနတ်တွေဖောက်တယ်”

လာရောက်တောင်းဆိုသူတွေထဲမှာ ဖျက်သိမ်းခံရတဲ့ရပ်ကွက်တွေမှာ နေထိုင်ခဲ့သူတွေအပြင် အဲဒီရပ်ကွက်တွေအနားက နွယ်ခွေနဲ့ ကုန်းတလပေါင်ရွာမှာ အိမ်ငှားနေထိုင်နေသူတွေပါ ပါတယ်လို့ ဒေသခံက ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက် နေ့ကလည်း လူဦးရေ ၇၀ ခန့်နဲ့ ဆက်လက်တောင်းဆိုရာမှာ စစ်ကောင်စီ တပ်သားတွေက သေနတ်ပစ်ဖောက် လူစုခွဲခိုင်းပြီး ဓာတ်ပုံရိုက်သူနှစ်ဦးကိုပါ ဖမ်းသွားတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီအထဲမှာပါဝင်သူတွေကို ဧည့်စာရင်းပါ မပေးတော့ဘူးလို့ ခြိမ်းခြောက်တာ ကြောင့် ဇန်နဝါရီလ ၇ ရက် ဒီနေ့မှာတော့ စံသမာဓိရပ်ကွက်အနီးအနားမှာ အိမ်ငှား နေထိုင်သူတွေ မပါဝင်တော့ဘဲ လက်ရှိ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ သွားရောက်အိမ်ငှားနေရသူ ၄၀ ခန့်သာ ပါဝင်တော့တယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း သေနတ်ထပ်မံပစ်ဖောက်ပြီး ခြိမ်းခြောက်မောင်းထုတ်ခံရ တာကြောင့် နေရာပြန်ရရေး လာရောက်တောင်းဆိုသူ ၄၀ ဝန်းကျင်ဟာ စံသမာဓိ ရပ်ကွက်ရုံးအပြင် စစ်ကောင်စီတပ်သားတွေနဲ့ ဝေးတဲ့နေရာ လမ်းဘေးတစ်နေရာကို ပြောင်းရွှေ့သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။