ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ မောင်တောသွား
2018.05.27

ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာ၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူရကယ်ဆယ်ရေးစခန်းတွေကို ဒီနေ့ သွားရောက်ပြီး ဒေသခံတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
တောင်ပြိုလက်ဝဲကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတွေက NVC ကဒ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာသာရေး ခေါင်းဆောင်တွေကို ရှင်းပြတယ်လို့ ခရီးစဉ်မှာ ပါဝင်တဲ့ ဦးအေးလွင် က ပြောပါတယ်။
"ဒုက္ခသည်တွေအားလုံး မြန်မာပြည်ထဲဝင်တာနဲ့ တစ်ယောက်မကျန် NVC မယူမနေရ ယူရမယ်ဆိုတဲ့ အဲ့ဒီအချက်ကြောင့်လည်းပဲ ဒီဒုက္ခသည်တွေက မလာဖို့အတွက်ဆိုတာ ၇၀ ရာခိုင်နှုန်းက အဲ့ဒါပါတယ်ဗျ။ အခုတော့ ဒီမှာ လဝက ကနေရှင်းပြတာက NVC သည် အထောက်အထားမရှိသော ပုဂ္ဂိုလ်များအတွက် သုံးခေါက်ချိုးတွေ ရှိမယ်။ နိုင်ငံသားကဒ်ရထားတဲ့သူတွေတောင်ရှိမယ်။ တချို့ ဝှိုက်ကဒ်ကို လဲထားတဲ့အခါမှာ ဖြတ်ပိုင်းလေးတွေရှိမယ်။ အဲဒီလူတွေသည် NVC process နဲ့ စစ်ဆေးစရာမလိုဘဲနဲ့ နိုင်ငံသား တန်းလျှောက်လို့ရတယ်”
ခရီးစဉ်မှာ ပြည်တွင်းက ဘာသာရေးခေါင်းဆောင်တွေအပြင် ပြည်ပနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနဲ့ ဂျပန်က ဘာသာရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။
လာမယ့် အောက်တိုဘာလမှာ စစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေး ဘယ်လိုရရှိနိုင်မလဲဆိုတာကို ညီလာခံတစ်ရပ် ကျင်းပဖို့ရှိနေပါတယ်။
အဲဒီညီလာခံမှာ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုကိစ္စရပ်အတွက် နှစ်ဖက် လူ့အဖွဲ့အစည်းကြား ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ ဒီခရီးစဉ်အတွင်း အချက်အလက်တွေ ရှာဖွေစုဆောင်းတာလည်း ဖြစ်ပါတယ်။
ဒီခရီးစဉ်မတိုင်ခင် မေလ ၂၅ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် ညီလာခံတွေ ကျင်းပဖို့လိုသလို မြေပြင်အခြေအနေတွေကို လေ့လာပြီး ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့လိုကြောင်း ပြောခဲ့တယ်လို့ ဦးအေးလွင်က ပြောပါတယ်။