ရခိုင်ပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေ တောင်းဆို
2018.05.29

ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မေလ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ Religions for Peace ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံအဖွဲ့ မနေ့က နေ့စွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သောကြာနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသူတွေထဲမှာ သီရိလင်္ကာ၊ ကမ္ဘောဒီးယားနဲ့ ဂျပန်နိုင်ငံက ဗုဒ္ဓဘာသာ ဆရာတော်ကြီး ၃ ပါး၊ နော်ဝေက ခရစ္စယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး၊ အိန္ဒိယက ဟိန္ဒူဘာသာရေး ခေါင်းဆောင်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ခရစ်ယာန်ဘုန်းတော်ကြီးတပါး၊ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ ဘာသာပေါင်းစုံညီညွတ်ရေး အထူးကိုယ်စားလှယ် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဒင်ဆယာအူဒင် တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေက မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေကို ရခိုင်ပြည်နယ်က ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို လူသားစိတ်ဓာတ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ အခြေခံပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အရေးကို ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအခြေခံနဲ့ ဖြေရှင်းနေကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ အင်ဒိုနီးရှား သမ္မတရဲ့ အထူးကိုယ်စားလှယ်က ဂျာကာတာပို့စ်သတင်းစာကို ဖြေကြားခဲ့ပါတယ်။
ကမ္ဘာဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတွေ တက်ရောက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ်ရဲ့ လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာ ခဲ့ကြပါတယ်။