ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ မောင်တော သွားမည်

စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ဘာသာရေးကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၁၈ ခုနှစ် မေလ ၂၆ ရက်နေ့က စစ်တွေလေဆိပ်မှာ တွေ့ရစဉ်
စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ဘာသာရေးကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၁၈ ခုနှစ် မေလ ၂၆ ရက်နေ့က စစ်တွေလေဆိပ်မှာ တွေ့ရစဉ် (Photo: Min Thein Aung/RFA)

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ရိုမန်ကတ်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားစ်မောင်ဘိုနဲ့ ပြည်တွင်းပြည်ပက ဘာသာရေးကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေ သကို မနက်ဖြန်မှာ သွားရောက်လေ့လာကြမယ်လို့ သိရပါတယ်။

ဘာသာဝင်အသီးသီးရဲ့ ငြိမ်းချမ်းရေးအတွက် လေ့လာစူးစမ်းဖို့ လာရောက်တာဖြစ်တယ်လို့ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ဟာဂျီဦးအေးလွင်က ပြောပါတယ်။

"ကိုယ့်ရဲ့ သာသနာဝင်များကို ပြန်ပြီးတော့ မေတ္တာရပ်ခံတာတို့နော် စသဖြင့်ပေါ့လေ အသိပညာတွေမျှဝေတာတို့ ကျနော်တို့ လုပ်မယ်ဆိုပြီးတော့ ပထမခြေလှမ်းတရပ်ပါ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း ပြောပြီးပြီ၊ အဲဒီတော့ ဒီဟာက ပထမဆုံးခြေလှမ်းအနေနဲ့ လေ့လာစူးစမ်းဖို့အတွက်လာတာပါ"

မြန်မာ့နိုင်ငံရေးကိစ္စကို ဘာသာရေးခေါင်းဆောင်တွေဘက်က အပြုသဘောနဲ့ ဘယ်လိုအထောက်အကူ ပြုနိုင်ကြ မလဲဆိုတာတွေနဲ့ပတ်သက်ပြီး လာမယ့်အောက်တိုဘာလမှာ နေပြည်တော်မှာ ညီလာခံတစ်ရပ်ကျင်းပဖို့ရှိပြီး အခုခရီးစဉ်ဟာ အဲဒီအစီအစဉ်အတွက် ပထမခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း ဟာဂျီ ဦးအေးလွင်က ပြောပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်ကို လာရောက်တဲ့ခရီးစဉ်မှာ ဂျပန်နဲ့ နော်ဝေနိုင်ငံတွေက ဘာသာရေး ကိုယ်စားလှယ်တွေနဲ့ မြန်မာ့ငြိမ်းချမ်းမေတ္တာအဖွဲ့က ကိုယ်စားလှယ်တွေလည်း အတူပါဝင်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ စစ်တွေမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာ မောင်တောဒေသက နေရာအချို့ကို ရဟတ်ယာဉ်နဲ့ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့နဲ့ တေ့ွဆုံခဲ့ပါတယ်။