ယန်စီ-မြန်မာ တရုတ်ကြေးနီကုမ္ပဏီကို ဆန္ဒပြ
2015.05.26
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ စံပယ်တောင်-ကြေးစင်တောင် ကြေးနီ စီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့ရသူတွေက လျော်ကြေးရရှိရေးနဲ့ နေ့စားအလုပ်သမားတွေကို အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ပေးရေးအတွက် ယန်စီ-မြန်မာကုမ္ပဏီရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ ယန်စီ-မြန်မာကုမ္ပဏီတို့နဲ့ တေ့ွဆုံတင်ပြထားပေမယ့် အကြောင်းပြန်ပေးတာ မရှိတဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုတာလို့ ကံကုန်းကျေးရွာသား ဦးတင့်အောင်စိုးက ပြောပါတယ်။
"အရင်တုန်းက တွေ့ဆုံဆွေးနွေးပွဲတွေမှာ မြေယာလျော်ကြေးနဲ့ ပတ်သက်တဲ့ဟာတွေ ကျန်တဲ့အချက်တွေကို ကုမ္ပဏီရယ်၊ အစိုးရရယ်၊ ဒေသခံတွေ ဆွေးနွေးတဲ့အပေါ်မှာ ဖြေရှင်းပေးဖို့ ၅ လပိုင်း ၄ ရက်နေ့ ၂ဝ၁၅ က စာတင်ခဲ့တယ်၊ တွေ့ဆုံပေးဖို့အတွက် ကုမ္ပဏီရှေ့ကိုရောက်တဲ့အခါ ကုမ္ပဏီကလည်းတွေ့ဆုံမပေးဘူး၊ ကျနော်တို့က အဲ့မှာတောင်းဆိုတာဗျ"
ဒေသခံတွေဟာ မြေယာလျော်ကြေးငွေရရှိဖို့၊ ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့၊ ကြေးနီလုပ်ငန်းမှာ အက်ဆစ်သုံးတဲ့အခါ ဖြန်းတဲ့စနစ်မဟုတ်ဘဲ အစက်ချတဲ့စနစ်ကို အသုံးပြုဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့အပြင် ယန်စီ-မြန်မာကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ ဒေသခံရွာသားတွေကို နေ့စား အလုပ်သမားအဖြစ်ကနေ တရားဝင်အလုပ်သမားအဖြစ် လုပ်ကိုင်ခွင့်ပေးဖို့တို့ကို တောင်းဆိုနေတာဖြစ်ပါတယ်။
ယန်စီ-မြန်မာကုမ္ပဏီမှာ လက်ရှိဒေသခံ နေ့စားအလုပ်သမား ၄၀၀ ကျော်ရှိပြီး အဲဒီအလုပ်သမားတွေဟာ တစ်နေ့ကို လုပ်ခ ကျပ် ၃၁၀၀ ရရှိပြီး အမြဲတမ်းဝန်ထမ်းတွေက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၀ ရရှိတယ်လို့ သိရပါတယ်။
၁၉၈၇ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းအတွက် ဆိုပြီး ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်း၊ တယ်ပင်ခံ စတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာမြေဧက ၆ ထောင်ကျော် ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။