မြန်မာရေလုပ်သား တစ်ရာကျော် အင်ဒိုနီးရှားနိုင်ငံမှ ပြန်ရောက်


2015.09.06
thai-fishing-boat-620.jpeg ထိုင်းငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
(Photo: AFP)

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံက ရေလုပ်သားတစ်ရာကျော်ကို မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က ဒီနေ့မနက် က ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ပါတယ်။

အဲဒီရေလုပ်သားတွေကို စီစစ်ပြီး သူတို့နေရပ်ကို ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ တပ်ဖွဲ့စုမှုး ရဲမှုး ရဲဝင်းအောင် က ပြောပါတယ်။

"လောလောဆယ် ကျနော်တို့က သူတို့နဲ့ ပတ်သက်တဲ့ သိသင့်၊ သိထိုက်တဲ့အချက် ပေါ့နော်၊ သူတို့အတွက် နစ်နာမှုတွေရှိခဲ့ရင် ကျနော်တို့က ဆောင်ရွက်ပေးလို့ ရအောင် သူတို့နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ကျနော်တို့မေးနေတယ်၊ မေးပြီးရင် ကျနော်တို့ပြန်ပို့ပါမယ်ခင်ဗျ၊ မြန်မာပြည်ကနေ ထိုင်းနိုင်ငံက ငါးဖမ်းလှေ ကိုအလုပ်လုပ်တယ်၊ ငါးဖမ်းစက်လှေကနေတဆင့် အင်ဒိုနီးရှားပိုင်တဲ့ဧရိယာထဲကို သွားပြီးတော့ ငါးသွားဖမ်း တယ်၊ ဖမ်းပြီးတော့ စက်လှေတွေက ကျွန်းပေါ်မှာ ထားခဲ့တယ်လို့ သိရတယ်၊ လောလောဆယ်စီစစ်ဆဲဆိုတော့ ကျနော်တို့လူကုန်ကူးခံရပါတယ်လို့ ကျနော်တို့က ပြောလို့မရသေးဘူး"

အဲဒီရေလုပ်သား တစ်ရာကျော်တို့ဟာ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ သိရ ပါတယ်။

သူတို့တွေဟာ ထိုင်းနိုင်ငံကနေတစ်ဆင့် ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်ရင်း အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေပေါ်မှာ ချန်ထားခံခဲ့ရတာဖြစ်ကြောင်း၊ သူတို့တွေဟာ လူကုန်ကူးခံခဲ့ရသလားဆိုတာတွေကို အသေး စိတ်သေချာစီစစ်ပြီးရင် သူတို့တွေရဲ့ နေရပ်ကိုပြန်ပို့ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း မြန်မာရေလုပ်သား တစ်ရာကျော်ကို အင်ဒိုနီးရှားနိုင်ငံကနေ ပြန်လည်ခေါ်ဆောင် ခဲ့ပြီး နောက်ထပ် ရေလုပ်သား ၉ဝ ကျော် ကျန်နေသေးကာ သူတို့ကို လာမယ့် ရက်ပိုင်းမှာ နောက်ထပ်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။