လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး
2011.06.17

(Photo: AFP)
တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။
လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။
ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။
ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမဝင် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။