ဖမ်းဝရမ်းအမိန့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆို


2013.06.08

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြသူ ၁၅ ဦးအပေါ် ဖမ်းဝရမ်းထုတ်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ (ရန်ကုန်)အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဝရမ်းထုတ်ထားခံရသူ ၁၅ ဦးကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာနိုင်ငံ သတင်းထောက်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာပါ။

ဖမ်းဝရမ်းအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအချက်တွေကို ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေဘက်က လိုက်နာမှု မရှိသေးဘူးလို့လည်း ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် နော်အုန်းလှက RFA ကို ပြောပါတယ်။

"ဒေသမှာ အေးချမ်းမှုမရှိတာတွေ၊ တရားဥဒေစိုးမိုးမှုမရှိတာတွေ၊ အဲဒါတွေနဲ့ ပတ်သက်လို့ လက်ရှိဖြစ်ပေါ်နေတဲ့ဒေသတွင်း အခြေအနေတွေကို ဒေသခံတွေလည်း လာရောက်ရှင်းလင်းတာရှိတယ်၊ အဓိကက ဖမ်းဝရမ်းထုတ်တဲ့အပေါ်မှာမတရားဘူး၊ နောက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကော်မရှင် အစီရင်ခံစာမှာပါတဲ့အချက်တွေကို ကြေးနီစီမံကိန်း ထုတ်လုပ်တဲ့သူတွေဖြစ်တဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်က ဆောင်ရွက်ခြင်းမရှိဘူးဆိုတာကို ထုတ်ပြန်တယ်"

ကြေးနီစီမံကိန်း ရပ်တန့်ဖို့ ဆန္ဒပြရာမှာ ဦးဆောင်သူ ဒေသခံရွာသား ၇ ယောက်နဲ့ ရန်ကုန်ကနေ ကြေးနီတောင်စီမံကိန်းဒေသမှာ သွားရောက်ကူညီဆောင်ရွက်ပေးနေကြတဲ့ ကိုဟန်ဝင်းအောင်၊ ကိုဝေဠု့၊၊ ကိုသောင်းထိုက်တို့ အပါအဝင် ၈ ယောက်ကို ရွှေဘိုမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။