ရွေးကောက်ပွဲနေ့မှာ နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေ နယ်ပို့ဖို့ စီစဉ်နေ

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ၊ သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ ပြည်နယ်နဲ့တိုင်း အသီးသီးက မဲရုံတွေကို သွားရောက် လေ့လာနိုင်ဖို့ စစ်အစိုးရက စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

2010.10.31
election_diplomat_media_305_z.jpg ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်းသမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မဲပေးတဲ့နေ့မှာ ပြည်နယ်နဲ့တိုင်း (၁၄) ခုကို ၁၈ နေရာ ခွဲပြီး သွားရောက် လေ့လာနိုင်အောင် သွားလာ နေထိုင်ရေးကအစ အာဏာပိုင်တွေက စီစဉ်ပေးမှာ ဖြစ်ပြီး သတင်းရယူရာမှာ စည်းကမ်းကန့်သတ်ချက်တွေ အတော်များများ ထုတ်ပြန်ထားတယ်လို့ ရန်ကုန်အခြေစိုက် အမည်မဖော်လိုတဲ့ နိုင်ငံခြားသတင်းထောက် တဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

သတင်းထောက်တွေအနေနဲ့ မဲရုံနဲ့ပေ (၁၅၀) ကျော် အကွာအဝေးကနေ သတင်းယူကြရမှာ ဖြစ်တဲ့အပြင် မဲ ပေးနေပုံတွေ၊ မဲေ ရတွက်နေပုံတွေနဲ့ နိုင်ငံတကာ သံတမန်တွေ လှည့်လည် ကြည့်ရှုနေပုံတွေကို အဝေးကနေ ကင်မရာ Zoom ကို အသုံးပြုပြီး ဓာတ်ပုံရိုက်ကူးခွင့် ပေးထားပေမယ့် လျှို့ဝှက် မဲဆန္ဒပြုနေပုံနဲ့ ပယ်မဲတွေကိုတော့ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ပြည်ပအခြေစိုက် BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်ကတော့ စစ်အစိုးရက ပြည်တွင်းအခြေစိုက် သတင်းထောက်တွေ၊ သံတမန်တွေကို မဲရုံတွေအနီး သွားရောက် ကြည့်ရှုနိုင်အောင် အခုလို စီစဉ်တာဟာ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတမှု ရှိသယောင်၊ ထင်သာမြင်သာ ရှိသယောင် ဟန်ပြ ဖန်တီးတဲ့ လုပ်ရပ်သက်သက်သာ ဖြစ်ပြီး စစ်အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး မီးရှို့ပွဲ သဘောမျိုးသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

နိုင်ငံခြားက လာရောက်မယ့် သတင်းထောက်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကိုပါ ပိတ်ပင်ထားတဲ့အတွက် စစ်အစိုးရက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် လေ့လာသူတွေက သံသယ ရှိနေကြပါတယ်။ သွားရောက် လေ့လာခွင့်ရရှိတဲ့ ပြည်တွင်း သတင်းထောက်တွေကို အမျိုးမျိုး ကန့်သတ်ထားတဲ့အပြင် မဲလိမ်မဲခိုးမှုတွေ၊ မသမာမှုတွေကို ပြည်တွင်း သတင်း မီဒီယာတွေမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရမှာမဟုတ်ဘူးလို့ ရန်ကုန် သတင်းထောက်တွေက ပြောပါတယ်။

ရွေးကောက်ပွဲ သတင်းယူကြမယ့် ရန်ကုန်အခြေစိုက် သတင်းထောက်တွေဟာ နိုဝင်ဘာလ ၆ ရက်နေ့က စတင်ပြီး နယ်တွေကို ထွက်ခွာကြရမှာဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ မနက်မှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိကြမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။