သံတွဲပဋိပက္ခအတွင်း ဖမ်းဆီးခံထားရသူနှစ်ဦး အာမခံနဲ့ လွတ်မြောက်


2013.12.12

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြင့်မိုးနဲ့ ဦးသိန်းဝင်းတို့ နှစ်ဦးကို သံတွဲမြို့နယ် တရားရုံးက မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အာမခံနဲ့ လွတ်မြောက်လာတဲ့ သံတွဲမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရေးအဖွဲ့ဝင် ဦးမြင့်မိုးက အမှုနဲ့ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

“ကျနော့်ကိုစွဲတဲ့ ပုဒ်မ ၄ ခုထဲမှာ ၅ဝ၅(ဂ)ဆိုတာ တစ်ခုပါတယ်လေ၊ အဲဒီ ၅ဝ၅(ဂ)ဆိုတာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပေးနိုင်တဲ့ပြစ်မှုလည်း မဟုတ်ဘူး၊ ဒါသာမန်အလွန်ဆုံး ၁ နှစ်ပဲရှိတဲ့ ပြစ်မှုလည်းဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကို အာမခံပေးတာ”


သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်နဲ့ ဒီကနေ့ အာမခံရရှိသူ နှစ်ဦးအပါအဝင် ၁၁ ဦးဟာ သံတွဲမြို့နယ် အကြမ်းဖက်ပဋိပက္ခနဲ့ ဆက်နွယ်ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၆ ဝတ္တရားနှောင့်ယှက်မှု၊ ၅၀၅(ဂ) ဆူပူအောင်လှုံ့ဆော်မှု စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးစောလှိုင် အပါအဝင် ၉ ဦး အာမခံရရှိခဲ့ပါတယ်။ မနေ့က လွတ်မြောက်လာတဲ့ ဦးမြင့်မိုးနဲ့ ဦးသိန်းဝင်းတို့ ၂ ဦးဟာ တစ်ခြားပုဒ်မတွေနဲ့ အမှုရင်ဆိုင်ရတာကြောင့် ဒီနေ့ အာမခံရခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။