ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့ပေးမည်
2016.10.30

ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ရဲသင်တန်းပေးပြီး ဒေသန္တရ ရဲတပ်ဖွဲ့ဖွဲ့ပေးဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်အစိုးရ ပူးပေါင်းစီစဉ်နေတယ်လို့ ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ် နယ်စပ်မှာနေထိုင်ပြီး လူနည်းစုဖြစ်နေတဲ့ တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး စီစဉ်နေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
"ဒေသခံရဲတပ်ဖွဲ့ ဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ အဓိက ဘူးသီးတောင်၊ မောင်တော ဆိုတဲ့ နယ်စပ်ဒေသတွေမှာ လူတစ်ရာမှာ သုံးယောက်၊ လေးယောက်လောက်ပဲ ရှိတဲ့အနေအထားဆိုတော့ ဒီရွာတွေမှာ ရခိုင်တိုင်းရင်း သားတွေအနေနဲ့ အဖိနှိပ်၊ အထိခိုက် ခံစားနေရတယ်။ အဲဒီတော့ ဒီဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေလို့ ရှိရင် အကုန်လုံးကို ကာကွယ်စောင့်ရှောက်လို့ ရတာပေ့ါဗျာ"
ဒေသန္တရ ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထားသူတွေကို ဘာသာရေးအရ ခွဲခြားမှာမဟုတ်ဘဲ ရဲတပ်ဖွဲ့စည်းမျဉ်းတွေအရပဲ စိစစ်လက်ခံသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
လတ်တလောမှာ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေ ခရိုင်တွေမှာ ဒေသခံ ရဲတပ်ဖွဲ့ဝင် အသစ်တွေကို စတင် လက်ခံမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တပြည်နယ်လုံးမှာ လက်ခံသွားမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ဒေသန္တရ ရဲတပ်ဖွဲ့ဝင်ဖြစ်လိုသူတွေအနေနဲ့ အခြေခံပညာ မူလတန်းအဆင့်ရှိသူ၊ အသက် ၃၅ နှစ် ထက်မကြီးသူ၊ ကျန်းမာသန်စွမ်းသူဖြစ်ရမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေကို ရဲသင်တန်းပေးပြီး လက်နက်အပြည်အစုံနဲ့ ရခိုင်ပြည်နယ်အတွင်းမှာပဲ တာဝန်ချထားပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့် ရဲစခန်းတွေကို ဒီလ ၉ ရက်နေ့က အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်နဲ့ ကျည်ဆံတွေ ယူဆောင်သွားပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က စစ်ဆင်ရေးနယ်မြေကြေညာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။
အဲဒီဒေသမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေအနေနဲ့လည်း အခုအချိန်ထိ လုံခြုံမှုမရှိသေးဘူးလို့ သိရပါတယ်။