စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား
2011.04.29

ဒီပဲယင်းအဖြစ်အပျက် အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား လိျှု့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအဝင် အချက် ၄ ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက “၁။ ဒီပဲယင်း အဖြစ်အပျက် ကို စုံစမ်းစစ်ဆေးရန်၊ ၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်၊ ၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်၊ ၄။ ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးရန် ဆိုတာတွေ ဖြစ်ပါတယ်။”
ဒီပဲယင်းအရေးအခင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောကြားချက်တွေကို မကြားရသေး တဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ ပေါ်ပေါက်နေစဉ် အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေ့တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရနဲ့ အဲဒီလို သဘောတူညီချက်တွေ ရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိဖျက်ခဲ့လို့ အမျိုးသားညီလာခံ တက်ရောက်ရေး အပါအဝင် သဘောတူညီမှု အားလုံး ပျက်ပြား ခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“NLD ဖက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသားညီလာခံစဖို့ ရက် အနည်းငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘောတူညီချက်တွေရော ဆွေးနွေးတာတွေရော ပျက်သွားပါတယ်။ “
၂၀၀၃ ခုနှစ်မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီး မှာ အာဏာပိုင်တွေရဲ့ သြဇာခံလို့ လူအများက ယုံကြည်ယူဆကြတဲ့ တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကား အမြောက်အမြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာမှာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှု ကြောင့် အဲဒီတိုက်ခိုက်မှုက မိမိ လွတ်မြောက်ခဲ့ကြောင်း RFA ကို ပြောပါတယ်။
“အတိုချုံးပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကို အတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အထဲက နေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။”
အခက်အခဲတွေ မည်မျှရှိပေမဲ့လည်း နောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျုးိသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်တဲ့အထိ မဆုတ်မရွံ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ် ထုတ်လွှင့်မဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။