အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး

RFA Burmese
2024.10.03
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် အဆောက်အအုံတချို့အား  ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လကုန်အထိ လေးလအတွင်း လူငါးယောက်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နိုင်ငံတစ်ဝန်းက မြို့နယ် ၃၅ မြို့နယ်မှာ အနည်းဆုံး အကြိမ် ၆ဝ ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီသတ်ဖြတ်မှုတွေအတွင်း အရပ်သား ၇ဝ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ စစ်ကောင်စီက ကျူးလွန်မှု ၉၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကျူးလွန်တဲ့အဖွဲ့ကို အတည်မပြုနိုင်တဲ့ ဖြစ်စဉ်တွေလည်း ပါဝင်တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ၅၆ ကြိမ်မှာ အရပ်သား ၆၄၃ ဦး သေဆုံးခဲ့ပြီး ကျူးလွန်တဲ့အဖွဲ့အစည်းကို မသိရတဲ့ ဖြစ်စဉ်လေးခုမှာ သေဆုံးသူ ၆၂ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ သတ်ဖြတ်တာ စတာတွေမှာ အများဆုံးဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေကြား နှစ်ဖက်ပစ်ခတ်မှုတွေအတွင်း အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီသေဆုံးမှုတွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာ ၂၇၁ ဦးရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အရေအတွက်ရဲ့ ၃၈ ရာခိုင်နှုန်းရှိပြီး သေဆုံးမှု အများဆုံးလို့လည်း ရေးသားထားပါတယ်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီလေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ဖြစ်စဉ် ၂၄ ခုရှိပြီး အဲဒီအထဲမှာ မန္တလေးတိုင်းမှာ ခြောက်ခု၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ ငါးခုစီ၊ စစ်ကိုင်းနဲ့ မကွေးမှာ သုံးခုစီနဲ့ မွန်နဲ့ ချင်းမှာ တစ်ခုစီ ဖြစ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၂၀ ရှိပြီး အရပ်သား ၃၁၉၅ ဦး သေဆုံးခဲ့ပြီး အရပ်သားတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေထဲက ၄၂ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြုကောက်ယူထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။