ရွေးကောက်ပွဲ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည်ဟု စစ်အစိုးရကြေညာ
2010.08.13

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့ ပြင်ဆင်ချိန် ၂ လခွဲကျော်လောက်သာ ရသလို ၊ စည်းကမ်းချက်တွေလည်း တင်းကျပ်ထားတာကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ NLD ပါတီပြောခွင့်ရသူ ရှေ့နေဦးဉာဏ်ဝင်းက ဝေဖန်လိုက်ပါတယ်။
“ကျွန်တော်တို့ သဘောထားက ထုတ်ပြန်ပြီးပြီလေ၊ တရားမျှတမှု မရှိနိုင်ဘူး၊ ဒါ ကျွန်တော်တို့ သဘောထားပဲ။ ရွေးကောက်ပွဲက free and fair ဖြစ်တယ်လို့ ကျွန်တော် မယူဆဘူး။”
နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပေမဲ့ ရွေးကောက်ပွဲဝင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းကိုတော့ ဒီဩဂုတ်လ ၁၆ ရက်ကနေ ဩဂုတ် ၃၁ ရက် လကုန်တဲ့နေ့အထိ ၂ ပတ်ကျော်အတွင်း အပြီးသတ် တင်သွင်းရမယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။ အဲဒီလို လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းတဲ့အခါ ကိုယ်စားလှယ်လောင်းတဦးအတွက် ကျပ်ငွေ ၅ သိန်းကိုပါ တပါတည်း ပေးသွင်းရမှာ ဖြစ်ပါတယ်။
အဲဒီသတ်မှတ်ချက်ဟာ နိုင်ငံရေးပါတီတွေကို အကျပ်ရိုက်စေတယ်လို့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက RFAကို ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကတော့ ဒီအတိုင်းသာဆိုရင် ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ လက်ရှိ အာဏာရှိသူတွေရဲ့ အဝန်းအဝိုင်းထဲက လူတွေသာ လာမဲ့လွှတ်တော်ထဲမှာ နေရာရဖို့များနေတယ်လို့ ဝေဖန်လိုက်ပါတယ်။
“ကျွန်တော် အခု အခင်းအကျင်းကို ကြည့်လိုက်တဲ့အခါမှာ ဟို ရွေးကောက်ပွဲ ဝင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တထောင်ကျော် ရှိတာဗျ။ တထောင်ကျော် ရှိတော့ ပါတီဝင်တွေ အကုန်လုံးပေါင်းမှ ၅၀၀ ပြည့်ပါ့မလား မသိဘူး။ အဲဒီတော့ အလိုလိုနေရင်းနဲ့ ၅၀၀ ကျော်က ကျန်တဲ့ ပိုက်ဆံတွေ တတ်နိုင်တဲ့လူပေါ့နော်၊ ပိုက်ဆံ တတ်နိုင်တဲ့လူဆိုတာတော့ အစိုးရနဲ့ နှီးနွယ်တဲ့ ပါတီတွေ ဖြစ်မှာပေါ့။ အဲ သူတို့ပဲ ရမှာ၊ ကျွန်တော် ထင်တယ် ပြိုင်ဖို့ ပြိုင်ဖက်တွေတောင် ရှိကြမယ်မထင်ဘူး၊ ကျွန်တော်တို့လည်းပဲ တင်သလောက်ကတော့ နည်းနည်းပါးပါး ရမှာပေါ့နော်၊ အဲဒီလိုပဲ ရှိမယ်ထင်တယ်။”
ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတချို့ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက် ကျောခိုင်းဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ၊ ကျန်တဲ့ ပါတီတွေကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စိတ်အား ထက်သန်နေဆဲပဲလို့ RFA ကို ပြောဆိုကြပါတယ် ။