မကွေးနဲ့ ကယားမှာ ဒေသခံ ခြောက်သောင်းနီးပါး ထပ်မံထွက်ပြေးရ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.09.01
မကွေးနဲ့ ကယားမှာ ဒေသခံ ခြောက်သောင်းနီးပါး ထပ်မံထွက်ပြေးရ မကွေးတိုင်း ပေါက်မြို့နယ် ဝန်ခြုံးရွာက ပြည်သူတွေ ရှောင်ပြေးနေကြတာကို ၂၀၂၁၊ သြဂုတ် ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမနဲ့ ဝန်ခြုံးရွာတွေမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကတည်းက တပ်စွဲပြီး အနီးဝန်းကျင် ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး တပ်စွဲထားလို့ ဒီနေ့အထိ ရွာပေါင်း ၃၀ လောက်က ဒေသခံ ငါးသောင်းလောက် ရှောင်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုးစစ်ဆင် ဝင်ရောက်ခံခဲ့ရတဲ့ ကင်းမနဲ့ ဝန်ခြုံးကျေးရွာတွေအပြင် အနီးတစ်ဝိုက်က ကျေးရွာတွေနဲ့ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ဘေးရှောင်တွေကတော့ ဝန်ခြုံးရွာထဲက တစ်ရွာလုံးကတော့ ရှောင်နေရတယ်ပေါ့လေ။ နောက် လမ်းကြောင်းတစ်လျှောက်က ရွာတွေရှိတယ်ပေါ့။ အဓိကရှောင်ရတာတော့ ကင်းဆုတ်တို့၊ ကင်းမတို့၊ နောက် ဝန်ခြုံး၊ ဘို့မယ်၊ မြစ်ငယ်တောင်၊ ကျောက်ခွက်၊ လယ်ယာ ဆိုတဲ့ရွာတွေ အကုန်လုံးက ရှောင်ရတယ်။ ဘာလို့ဆို အနီးအနားက ရွာတွေ ဖြစ်နေလို့ ရှောင်ကြရတာ။ ဒီလမ်းတစ်လျှောက်က ရွာတွေကလည်း သူတို့ ထိုးစစ်ဆင်မယ်လို့ အသံကြားတာနဲ့ ရွာပေါင်း သုံးဆယ်လောက်က ရှောင်ရတယ်။ ခန့်မှန်းဆိုရင်တော့ ငါးသောင်းလောက် ရှိမယ်။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီအထဲမှာ ရွာသေးတာဆိုလို့ နှစ်ရွာ၊ သုံးရွာလောက်ပဲ ပါမယ်"

ဝင်ရောက်စီးနင်းခံထားရတဲ့ ကင်းမကျေးရွာမှာလည်း ပြည်သူတွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၃၆ အိတ်နဲ့ ယာယီနေထိုင်ဖို့ အသုံးပြုတဲ့ မိုးကာတွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ်လ၂၇ ရက်နေ့ကစပြီး ကင်းမရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားသလို ဝန်းခြုံးရွာမှာလည်း သြဂုတ်လ ၂၉ ရက်နေ့ကထဲက တပ်စွဲထားတယ်လို့ ဆိုပါတယ်။

တပ်စွဲထားတဲ့နေရာတွေကနေတစ်ဆင့် အဲဒီအနီးတစ်ဝိုက်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ပတ်သက်လို့ ရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ရွာတွေထဲကနေ ပြန်ထွက်သွားချိန်မှာ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ ဒေသခံတွေက ရွာထဲကို ပြန်ဝင်လာကြတာတွေရှိပေမယ့် ရွာသားတွေဟာ သူတို့ရဲ့ ကျေးရွာတွေ ထဲမှာ စိတ်ချလက်ချ ပြန်ပြီး မနေထိုင်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့မှာတော့ ဝန်ခြုံးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ခုနစ်ယောက်သေဆုံးပြီး ဒဏ်ရရတဲ့သူတချို့လည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

refugees-pauk-tsp.jpg
တောထဲရှောင်ပြေးနေကြရတဲ့ မကွေးတိုင်း ပေါက်မြို့နယ် ဝန်ခြုံးရွာက ပြည်သူတွေကို တွေ့ရစဉ် (Photo: CJ)

မကွေးတိုင်း ပေါက်မြို့နယ်ဟာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား၊ တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းဆွဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်ခတ်တာတွေ မကြာခဏ ရှိနေတဲ့မြို့နယ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ကင်းမရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရလို့ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို နှစ်ယောက် မီးလောင် သေဆုံးခဲ့ရပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီ တပ်တွေနဲ့ PDF တွေအကြား အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း လွိုင်လင်လေးကျေးရွာမှာလည်း ကရင်နီအမျိုးသား တပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား သြဂုတ်လ ၃၁ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ရှစ်ထောင်နီးပါး ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က အချိန်တစ်နာရီကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နှစ်ဘက် ထိခိုက်မှုတွေရှိခဲ့ပြီး KNDF ဘက်ကတော့ သုံးယောက် ဒဏ်ရာရှိတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ နောင်လုံရေကန်နားမှာ ဖြစ်တာဗျ။ ဒေါတဟေး သချိုင်းကုန်းအောက်မှာ နေ့လည် တစ်နာရီဝန်းကျင်လောက် ဖြစ်တယ်ဗျ။ တိုက်ပွဲကြာချိန်က ၄၅ မိနစ်၊ တစ်နာရီလောက် ရှိတယ်"

သြဂုတ်လ ၃၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက ဒေါတဟေး ကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေက အမြောက်တွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီမြို့နယ်ထဲက လွိုင်လင်လင်းနဲ့ တီးလုံကျေးရွာ အုပ်စုတွေဘက်ကို ထိုးစစ်ဆင်နေတယ်လို့ KNDF က မနေ့က ထုတ်ပြန်ပါတယ်။

"ရိက္ခာကျတော့ ကျနော်တို့ ကိုယ်နိုင်သလောက် ယူသွားတယ်ပေါ့။ စုပေါင်းစားပေါင်းပေါ့"

လက်ရှိမှာ အဲဒီတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်ထဲက ထီးဆဲခါးကျေးရွာအုပ်စုနဲ့ တီးလုံကျေးရွာအုပ်စု နှစ်အုပ်စုကရှိ ကျေးရွာဒေသခံပေါင်း ၈၀၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

"ရိက္ခာကျတော့ ကျနော်တို့ ကိုယ်နိုင်သလောက် ယူသွားတယ်ပေါ့။ အခုက ဆိုင်ကယ်ခေတ်ဆိုတော့ သူတို့ ဆိုင်ကယ်နဲ့ တင်သွားတယ်။ ထော်လာဂျီနဲ့ တင်သွားတယ်ပေါ့။ စုပေါင်းစားပေါင်းပေါ့။ ဥပမာ ကျနော်တို့ အုပ်စုဆို ထီးဆဲခါးဆိုရင်တော့ နောင်လုံ၊ ရွာသစ်၊ ရွာဟောင်း၊ ကွန်နားအောက်ရွာ၊ ဒေါတဟေး၊ သရီးဒါးဆိုတော့ ခုနစ်ထောင်၊ ရှစ်ထောင်လောက်ရှိတယ်ပေါ့နော်"

မေလ ၂၀ ရက်နေ့ကစပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ် အတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်သူ တစ်သိန်းခုနစ်သောင်း ရှစ်ထောင် ကျော်လောက်ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ကယားပြည်နယ်တွေက ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုညှိနှိုင်းရေးရုံး UNOCHA ကတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူပေါင်း နှစ်သန်းအထိ တိုးလာနေတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။