ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရနဲ့ ကေအိုင်အို တာဝန်ယူဆောင်ရွက်သင့်
2013.03.17
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် အစိုးရနဲ့ KIO အဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ KIOဌာနချုပ် လိုင်ဇာမြို့ကို ရောက်နေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။
ဦးနေမျိုးဇင်နဲ့အဖွဲ့ဟာ ဂီတပညာရှင် ဦးရဲလွင်ခေါင်းဆောင်တဲ့ ပန်းရဲ့လမ်းအဖွဲ့နဲ့ အတူ လိုင်ဇာမြို့ကို ရောက်ရှိနေတာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ခရီးရှည်လမ်းလျောက်ပြီး လိုင်ဇာမြို့ကို ရောက်ရှိလာတဲ့အဖွဲ့တွေနဲ့ လိုင်ဇာဒေသခံတွေကို ဂီတနဲ့ဖျော်ဖြေနေကြပါတယ်။ ဦးနေမျိုးဇင်က ဒေသတွင်းမှာ သူတွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“ဒုက္ခသည်တွေက ပြန်ချင်ကြပြီဗျ၊ ပြန်ချင်ကြပြီဆိုပေမယ့် ဘယ်သူက အာမခံချက် သေသေချာချာပေးမလဲ၊ သူတို့ရဲ့ပြန်လည်အခြေချ နေထိုင်ဖို့အတွက်ကော၊ သူတို့ဘဝ လုံခြုံရေးအတွက်ကော၊ သူတို့လယ်ယာမြေတွေ စိုက်ပျိုးထွန်ယက်တဲ့အခါမှာ မိုင်းအန္တရာယ် ကင်းရှင်းပါတယ်လို့ ဘယ်သူက အာမခံချက်ပေးမလဲ၊ နောက်တခါ အရပ်သား ပြည်သူလူထုအပေါ်မှာ သက်ရောက်နေသေးတဲ့ ကြောက်ရွံ့ထိတ်လန့် စိုးရိမ်နေသေးတဲ့ ဖိအားပေါ့ဗျာ၊ ဒီလိုဖြစ်နေတာတွေ တွေ့ရှိရပါတယ်”
ဒုက္ခသည်အများစုဟာ သူတို့ရဲ့ရွာတွေ လုံးဝပျက်စီးသွားပြီလို့ ထင်မှတ်နေကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ လုံးဝပျက်စီးသွားတဲ့ ရွာတွေတွေ့ခဲ့ရသလို မပျက်မစီးပဲ ကျန်နေတဲ့ရွာတွေကိုလည်း တွေ့ခဲ့ရကြောင်း၊ အရေးကြီးဆုံးကတော့ ရွာသူရွာသားတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ဖြစ်ကြောင်း ဦးနေမျိုးဇင်ကပြောပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူ သိန်းဂဏန်းလောက်ရှိနေတယ်လို့ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။