ဒုက္ခသည် သိန်းနှင့်ချီ ရှိနိုင်ကြောင်း ဒေသခံကူညီသူတွေ ခန့်မှန်း
2012.06.13

စစ်တွေမြို့မှာတင် ယာယီ ကယ်ဆယ်ရေးစခန်း ၃၅ ခုရှိပြီး ဒုက္ခသည် တစ်သောင်းကျော်တယ်လို့ ဆိုပါတယ်။ အဲဒီ ဒုက္ခသည် စခန်း ၃၅ ခုကဟာ ရခိုင်အမျိုးသား ဒုက္ခသည်အများစုရှိတဲ့ စခန်းများဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သဲချောင်းရွာနဲ့ စစ်တွေတက္ကသိုလ်အနီးက ဘုမေရွာတွေမှာ စခန်းဖွင့်ထားတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းတွေကို စစ်တပ်နဲ့ ပြည်သူရဲက တာဝန်ယူထားပြီး အရေအတွက် အတိအကျကို ခန့်မှန်းနိုင်ခြင်း မရှိဘူးလို့ ဒေသခံ လူမှုရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဝံလက် လူမှုရေးအဖွဲ့က ဦးခိုင်ကောင်းဇံက အခုလိုပြောပြပါတယ်။
"လောလောဆယ်တော့ ကျွန်တော်တို့ မိုးလည်းတအားရွာနေတယ်ခင်ဗျ။ အဲတော့ စားရေးသောက်ရေးကတော့ အဓိကပါပဲ။ ဘာကြောင့်လဲဆိုတော့ နေဖို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ စုပြုံပြီးတော့ နေလို့ရတဲ့ အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့ အစားအစာတွေကျတော့ NGO တွေက လောလောဆယ်မရောက်သေးဘူး။ ဒေသခံ လူမှုအဖွဲ့အစည်းတွေက အလှူရှင်တွေက စုပေါင်းပြီး ဆန်အိတ်လှူတာတို့၊ သားငါးနဲ့ ဝတ်စားစရာတွေ၊ ဟင်းသီးဟင်းရွက် တွေ၊ ဆီ၊ အချိုမှုန့်၊ ဆားတို့လှူထားတာတွေရှိပါတယ်။ ငွေကြေးတချို့လှူဒါန်းတာတွေ ရှိပါတယ်ခင်ဗျ။ အထူးသဖြင့်ပြောမယ်ဆိုရင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော် အဲဒီအထိ ကူးဆက်နေ ပါပြီ။ အဲဒီလို ဒုက္ခသည်တွေ ရခိုင်တွေရော၊ ကုလားတွေရော အကုန်လုံး ပေါင်းမယ်ဆိုရင် အကုန်လုံး၂ သိန်းလောက် ရှိလောက်ပါတယ်ခင်ဗျ"
လက်ရှိကူညီ ကယ်ဆယ်ရေးလုပ်ငန်းကို ဝံလက် လူမှုရေးအဖွဲ့အပြင် စစ်တွေမြို့က နာရေးကူညီမှုအသင်းကလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီကလည်း ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပဏာမအနေနဲ့ ကျပ်ငွေ သိန်း ၂၀၀ လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ အသင်း ဒု ဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင်က RFA ကိုပြောပါတယ်။
ဒါကြောင့် ဒေါ်သန်းမြင့်အောင ်ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့အဖွဲ့ဝင်တချို့ဟာ စစ်တွေမြို့ကို သောကြာနေ့မှာ သွားရောက်ပြီး အဲဒီနောက် အခြေအနေပေါ်မူတည်လို့ လိုအပ်ရင်လိုအပ်သလို ဆက်လက်ကူညီမယ်လို့ သိရပါတယ်။
အလားတူ NLD ပါတီကလည်း ဒုက္ခသည်တွေကို ကူညီရေး စီစဉ်နေပြီလို့ဆိုပါတယ်။ NLD ပါတီ နာယက ဦးတင်ဦးကို ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |