တိုက်ပွဲကြောင့် လားရှိုးမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၁၅၀၀ ခန့်ရောက်ရှိလာ

RFA Burmese
2023.10.28
တိုက်ပွဲကြောင့် လားရှိုးမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၁၅၀၀ ခန့်ရောက်ရှိလာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းကို ရောက်ရှိလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

လားရှိုးမြို့နယ်ထဲမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် မြို့ပေါ်ကိုထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် ၁၅၀၀ ဝန်းကျင်ရှိနေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ လားရှိုးမြို့ မချီနု၊ ဟိုနမ့်၊ ကောင်းကြဲ၊ တာပုံ၊ ဆုံကွယ်၊ ကောင်းဖြူ၊ တာပုံစတဲ့ ရွာတွေက ဖြစ်ပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေကို လားရှိုးမြို့မှာရှိတဲ့ ပရဟိတအဖွဲ့တွေက သွားရောက် ခေါ်ဆောင်ခဲ့ပြီး လားရှိုးမြို့ အောင်မင်္ဂလာရှမ်းကျောင်းမှာ နေရာချထား ပေးထားသလို စားသောက်နေထိုင်ရေးအတွက် မန်ဆူရှမ်းကျောင်းဆရာတော်နဲ့ စေတနာရှင်တွေက ကူညီပေးထားတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လားရှိုးမြို့အတွင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့ညပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပြီး ဒီနေ့မနက်မှာတော့ တိုက်ပွဲဖြစ်သံမကြားရဘဲ ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ကို ထွက်ပြေးလာရသူတွေထဲက အချို့ကတော့ အောက်တိုဘာလ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်း သူတို့ရွာတွေဘက် အခြေအနေပြန်ကြည့်ကြသလို တိုက်ပွဲအခြေအနေ ငြိမ်သွားရင် ကိုယ့်ရွာကိုယ် ပြန်ကြမယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။