ဖားကန့်က စစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခံရပြီး ဒေသခံသုံးထောင်ကျော် ထွက်ပြေး
2024.01.06

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါနဲ့ နမ့်တိန်ရွာက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၆ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝှေခါရွာမှာ မနက် ၄ နာရီကစလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် မနက် ၉ နာရီမှာ ဂျက်လေယာဉ်နဲ့သုံးကြိမ် လာရောက်ဗုံးကြဲ ပစ်ခတ်ခဲ့တယ်လို့ ဝှေခါဒေသခံတစ်ဦးက ပြောပါတယ်။
"မနက် ၄ နာရီထိုးခါနီးမှာ စဖြစ်တာ။ မနက် ၉ နာရီမှာတော့ ဂျက်လေယာဉ်နဲ့ သုံးခါ ဗုံးလာကြဲတယ်။ တစ်ခါလာရင်ဝဲပြီး ဗုံးသုံးလုံးလောက် ကြဲသွားတယ်။ စစ်တပ် စခန်းကုန်းက ဝှေခါရွာနဲ့ ကပ်ရပ်လေးပဲ။ သူတို့က အပေါ်ကုန်းမှာ။ ပြည်သူတွေ နေတာက အောက်မှာ။ သူတို့နဲ့ ကပ်ကပ်လေးဆိုတော့ အကုန်ထွက်ပြေးနေရတာ"
ဒီတိုက်ပွဲကြောင့် အိမ်ခြေနှစ်ထောင်နီးပါးရှိတဲ့ ဝှေခါရွာက လူဦးရေ သုံးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ နမ့်တိန်ရွာမှာလည်း ဇန်နဝါရီလ ၆ ရက် မနက် ၆ နာရီဝန်းကျင်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေထွက်ပြေးနေရပေမယ့် အရေအတွက်အတိအကျ မသိရသေးပါဘူး။
ဒေသတွင်းသတင်းဌာနတချို့မှာတော့ ဇန်နဝါရီလ ၆ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါတပ်စခန်းတွေကို KIA က သိမ်းယူလိုက်ပြီလို့ ရေးသား နေကြပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီ ကချင်ပြည်နယ်ပြောခွင့်ရသူ ဦးသန့်ဇင်ကိုကို တို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဇန်နဝါရီလ ၃ ရက်ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ KIA ဌာနချုပ် လိုင်ဇာမြို့အနီး နာဖော့တပ်စခန်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းပေးတဲ့ ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ပါတယ်။
ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်က ဗိုလ်မှူးတစ်ဦးကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ KIA ပူးပေါင်းအဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။