ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးရ
2024.02.24

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ကျေးရွာ ကိုးရွာက အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရှေ့ကံတွင်း၊ ဆင်နီတောင်၊ ပင်းတလဲ၊ ဒေါသာ၊ စိုက်ခမ်း၊ ဆင်လမ်းကြောင်း၊ ကပိုင်၊ တောင်ရွာ၊ မရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်အင်အား နှစ်ရာနီးပါး အသုံးပြုပြီး ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီလ ၂၄ ရက်အထိ ဆက်တိုက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့အထိ စစ်ကြောင်း ပြန်မဆုတ်သေးဘူး။ ရွာပေါင်း ခုနစ်ရွာအထက်က စစ်ဘေးရှောင်နေကြရတယ်။ စစ်ကြောင်းက ထပ်တိုးလာရင် ထပ်ဆုတ်ပေးရမယ့် ရွာတွေလည်း ရှိနေသေးတယ်။ စစ်ကြောင်းက လူတွေ ဖမ်းဆီးထားတာလည်း ရှိတယ်။ အခုအချိန်ထိ ပြန်မလွှတ်သေးဘူး။ ဒေါသာကျေးရွာက ပြည်သူ့နေအိမ် နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ လက်ရှိ စစ်ကြောင်းမှာ သုံးယောက်လောက် အဖမ်းခံထားရတယ်"
ရက်ရှည် ထွက်ပြေးတိမ်းရှောင်ရလို့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ ဝါဇီစက်ရုံကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က အခုလို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာပါ။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂.၇ သန်းနီးပါး ရှိလာပါပြီ။