ဒီပဲယင်းမှာ ၁၅ ဦး အဖမ်းခံရပြီး တစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2023.10.27
ဒီပဲယင်းမှာ ၁၅ ဦး အဖမ်းခံရပြီး တစ်သောင်းကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို ဝင်ရောက်စီးနင်းနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက် မနေ့က ရွာသား ၁၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာ ဆယ်ရွာက လူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ခြုံရွာ၊ အိုးထိမ်းကွင်း၊ ဆပ်ပျာကျင်း၊ ဘုတ်၊ ချောင်းဦး နဲ့ အင်ပင်ကြီး အပါအဝင် အနီးရှိ ကျေးရွာ ဆယ်ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

အင်အား ၁၃၀ ခန့်ရှိ အဲဒီစစ်ကြောင်းဟာ မနေ့ မနက်ပိုင်းက ရှမ်းတောရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းချိန်မှာ ထွက်ပြေးလို့ မလွတ်တဲ့ ရွာသား ၁၅ ဦးခန့်ကို ဖမ်းထားတာလို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းမှာတော့ ရှမ်းတောရွာနဲ့ နှစ်မိုင်ခန့်အကွာက ဘုတ်ထမ်းရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်းအထိ စစ်ကြောင်းက ဘုတ်ထမ်းရွာမှာ ရှိနေသေးတာကြောင့် ရှမ်းတောရွာက အဖမ်းခံထားရသူတွေနဲ့ ဘုတ်ထမ်းရွာက မီးလောင်ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“မနေ့ညက မီးလောင်ချိန်က နာရီဝက်ကျော်လောက်ဆိုတော့ အိမ်ကတော့ ဆယ်လုံးလောက်ပါမယ်ထင်တယ်။ စစ်ကြောင်းက ခုထိရွာထဲမှာဆိုတာ့ အတိအကျတော့ မပြောနိုင်သေးဘူး”

ရှမ်းတောရွာကို စစ်ကြောင်းဝင်ရောက်ချိန် ဒေသခံတွေ ကိုယ်လွတ်ရုန်းထွက်ပြေးရာမှာ ပျောက်ဆုံးနေသူတွေလည်း ရှိတာကြောင့် အဖမ်းခံထားရသူ အရေအတွက် ၁၅ ဦးထက် ပိုနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ရွာတွေကို စစ်ကောင်တပ်က အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး စစ်ကြောင်း ထိုးနေတာ သီတင်းတစ်ပတ် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက် စစ်ကြောင်း စတင်ဝင်ရောက်ချိန်ကလည်း ဒီပဲယင်းမြို့နယ်ထဲက အင်တန်၊ တောကျောင်း၊ မဲသယ်၊ ဝဘာ၊ သပြေသာ အပါအဝင် အနီးမှာရှိတဲ့ ကျေးရွာ ဆယ်ရွာခန့်က ရွာသူ၊ ရွာသား တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်တပ် အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ ၂၀၂၃ ဩဂုတ် ၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ် အဆောက်အအုံ ၇၄,၈၇၄ ပျက်စီးဆုံးရှုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၅၇,၅၀၃ လုံးနဲ့ အများဆုံးဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။