စစ်ကြောင်း၀င်လာလို့ ဒီပဲယင်းဒေသခံ တစ်သောင်းကျော် ထွက်ပြေးရ

RFA Burmese
2023.10.22
စစ်ကြောင်း၀င်လာလို့ ဒီပဲယင်းဒေသခံ တစ်သောင်းကျော် ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အင်အားတစ်ရာကျော် ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အောက်တိုဘာ ၂၁ ရက် မနက်ကစပြီး ၀င်ရောက် စီးနင်းနေတာကြောင့် ရွာနှစ်ဆယ်ခန့်က ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာ အင်တန်၊ တောကျောင်း၊ မဲသယ်၊ ၀ဘာ၊ သပြေသာ၊ မှန်သာ၊ အင်ပင်၊ အင်တိုင်း လေး၊ ချောင်းနား၊ ဆင်နားဋောင်း၊ ငဝဲတော၊ ကြည် စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးခဲ့ရတာပါ။

မနေ့က ၀ဘာရွာကို စစ်ကြောင်းဝင်ရောက်ချိန်မှာ နေအိမ် ခြောက်လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဟာ မနေ့က ငဝဲတောမှာညအိပ်ပြီး အောက်တိုဘာ ၂၂ ရက် မနက်မှာ စစ်ကြောင်းပြန်ထွက်လာတာကြောင့် ဆပ်ပျာကျင်း၊ အုံးတင်၊ သရက်ပင်နဲ့ ထောင်တန်းအပါအဝင် နောက်ထပ်ရွာ ရှစ်ရွာခန့် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခု စစ်ကြောင်းက ကြည်ရွာကိုဖြတ်ပြီး အနောက်ဘက် ဆပ်ပျာကျင်းဘက်ကို ဦးတည်သွားနေတာ။ ဒီနေ့ ထပ်ပြေးရတဲ့ရွာက ရှစ်ရွာလောက်ရှိတယ်။ အိမ်ခြေလည်းများတယ်”

မနေ့ကထွက်ပြေးရတဲ့ရွာတွေထဲက စစ်ကြောင်းနဲ့အလှမ်းဝေးသွားတဲ့ ရွာသုံးရွာလောက်က ဒေသခံတွေပဲ ဒီနေ့မနက်ပိုင်းမှာ ရွာထဲပြန်ဝင်ကြပြီး အများစုက ရွာထဲ ပြန်မဝင်ရဲကြ သေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၂ မနက်ပိုင်းအထိ အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေ ထွက်ပြေးနေရတဲ့အပေါ် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။