မြန်မာ့လူဦးရေ ၁၇ သန်းခွဲကျော် အကူအညီလိုအပ်
၂၀၂၃ မှာ မြန်မာနိုင်ငံက လူသုံးယောက်မှာ တယောက်နီးပါး၊ ဒါမှမဟုတ် လူ ၁၇ ဒသမ ၆ သန်း အတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်မယ်လို့ ကုလသမဂ္ဂက မနေ့က ခန့်မှန်းလိုက်ပါတယ်။
ဒါဟာ ၂၀၂၁ ကထက် လူဦးရေ တစ်သန်းပိုပြီး အကူအညီလိုအပ်လာတာလို့ဆိုပါတယ်။
HNO လူသားချင်းစာနာရေး လိုအပ်မှုသုံးသပ်ချက်နဲ့ HRP လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး အစီအစဉ် အစီရင်ခံစာတွေမှာ အဲဒီလို ဖော်ပြတာပါ။
နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေဖြစ်ပွားလို့ အထိတ်တလန့်နဲ့ နေထိုင်နေရတဲ့ကြားက လုံခြုံရေး ခြိမ်းခြောက်ခံရတာနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ လူဦးရေကလည်း တိုးလာတယ်လို့ ဆိုပါတယ်။
နေရပ်ရွှေ့ပြောင်းရတဲ့သူဦးရေကလည်းတိုးလာပြီး အဟာရပြည့်ဝတဲ့ အစားအစာကလည်း ရှားပါးလာတယ်လို့လည်း ဖော်ပြပါတယ်။
ကျောင်းတက်ရက် နှစ်နဲ့ချီပျက်ရတဲ့နောက် ရင်သွေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပူပန်နေကြတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
ကျန်းမာရေး ဝန်ဆောင်လုပ်ငန်းမှာ အတားအဆီးတွေ ရှိတဲ့အတွက် နာမကျန်းသူတွေ ဆေးဝါးအလုံအလောက်မရဘဲ အသက်ကယ်ဆယ်ပေးမယ့်အရေး ခြိမ်းခြောက်ခံရတယ်လို့လည်း ဖော်ပြပါတယ်။
နိုင်ငံမဲ့ ရိုဟင်ဂျာတွေ အသွားအလာဆက်လက် ကန့်သတ်ခံရတယ်လို့လည်း ရေးထားပါတယ်။
အဓိကအားဖြင့် ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေမှာ အသက်ကယ်ဆယ်နိုင်အောင် လူသားချင်းစာနာမှု အထောက်အကူ အများဆုံးလိုအပ်နေတဲ့ လူ လေးသန်းခွဲကို အကူအညီပေးဖို့ အမေရိကန် ဒေါ်လာ ၇၆၄ သန်း လိုအပ်တဲ့အကြောင်း HRP လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး အစီအစဉ် က တောင်းခံထားပါတယ်။
အကူအညီလိုအပ်နေသူတွေထဲ အမျိုးသမီးက ၅၂ ရာခိုင်နှုန်း၊ ကလေးက ၃၂ ရာခိုင်နှုန်းနဲ့ မသန်စွမ်းသူ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။