မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် တစ်သန်းလေးသိန်းရှိလာကြောင်း UNOCHA ထုတ်ပြန်

2022.10.26
မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် တစ်သန်းလေးသိန်းရှိလာကြောင်း UNOCHA ထုတ်ပြန် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသူများကို ၂၀၂၂ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။
Photo: KHRG

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အာဏာမသိမ်းခင် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သန်းနဲ့ လေးသိန်းအထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်၊ ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

အဲဒီအထဲက တစ်သန်းကျော်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ အရေအတွက် ဖြစ်သလို သုံးသိန်းကျော် (၃၃၀,၄၀၀) ကတော့ အာဏာမသိမ်းခင်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာတော့ ရခိုင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာတော့ စစ်ကိုင်းတိုင်းက ငါးသိန်းလေးသောင်းကျော်နဲ့ အများဆုံးဖြစ်ပြီး ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကချင်၊ မကွေး၊ ကရင်၊ ကယား (ကရင်နီ)၊ ရှမ်းနဲ့ မွန်ပြည်နယ်တွေကလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ UNOCHA ရဲ့အစီရင်ခံစာမှာတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကုန်အထိ စစ်ဘေးဒုက္ခသည် ကိုးသိန်းခုနစ်သောင်းကျော် (၉၇၄,၄၀၀) ရှိခဲ့တာပါ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြားနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ အပါအဝင် မြို့နယ်အများအပြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှု တွေ ဆက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်ပေါ်နေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် အကာအကွယ်ရရှိရေးအတွက် ကြီးမားစွာ ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ပဋိပက္ခကြောင့် ရွှေ့ပြောင်း အခြေချရသူတွေ၊ ထိခိုက်ခံစားရသူတွေနဲ့ အကူအညီရဖို့ ကန့်သတ်ထားရတဲ့ ဒေသတွေက ပြည်သူတွေအတွက် အရေးပေါ်နဲ့ လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေရရှိရေး ဆက်လက်ပံ့ပိုးပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။