ခွဲမထွက်ရေးအတွက် ရှမ်းတိုင်းရင်းသားတွေရဲ့သဘောထားရယူဖို့ လိုတယ်လို့ RCSS ထုတ်ပြန်
2018.10.26
ပြည်ထောင်စုက ဘယ်တော့မှ ခွဲမထွက်ရဆိုတဲ့ အချက်ကို ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထား မရယူနိုင်သေးဘဲ လက်ခံနိုင်မှာမဟုတ်ကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာအပြင် ခွဲမထွက်ရေးကိစ္စဟာ တစ်ဖွဲ့တည်းနဲ့ ဆုံးဖြတ်လို့မရဘဲ ရှမ်းတိုင်းရင်းသား အားလုံးရဲ့ သဘောဆန္ဒရယူရမယ့် ကိစ္စဖြစ်ပြီး အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက RFA ကိုပြောပါတယ်။
ဒါ့အပြင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးကို မူအားဖြင့်လက်ခံသော်လည်း လုံခြုံရေးကဏ္ဍမှာ အားလုံးက သဘောတူညီတဲ့ ရလဒ်ထိ ဆွေးနွေးနိုင်ဖို့လိုသလို၊ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကဏ္ဍအသီးသီးနဲ့ ဖွဲ့စည်းပုံ အဆင့်ဆင့်ကို အားလုံးက သဘောတူညီမှု ရဖို့လိုကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံမှာ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေးကိစ္စတွေဟာ အကြိတ်အနယ်ဆွေးနွေးခဲ့ရတဲ့ အချက်တွေဖြစ်ပြီး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ RCSS က ပထမဆုံးထုတ်ပြန်တဲ့ ကြေညာချက်လည်းဖြစ်ပါတယ်။
အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ RCSS အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေရဲ့ အကြောင်းအရင်းတွေနဲ့ သူ့တို့ရဲ့ ရပ်တည်ချက်တွေကို နိုင်ငံတကာသံတမန်တွေကို တွေ့ဆုံရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ ကရင်အမျိုးသား အစည်းအရုံး KNU ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေး ကိစ္စတွေဟာ နှစ်ဖက်ယုံကြည်စိတ်ချရတဲ့ နည်းလမ်းတွေ ရှာဖွေဖြေရှင်းသွားဖို့ လိုကြောင်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။