TNP ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးမှုမရှိကြောင်း RCSS/SSA အဖွဲ့ငြင်းဆို


2015.06.25
rcss-ssa-620.jpeg ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ်
Photo: RFA

မိုင်းကိုင်မြို့နယ်မှာ TNP တအာင်းပလောင် အမျိုးသားပါတီ မြို့နယ်ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မဟုတ်မှန်ကြောင်း RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဒီကနေ့ရက်စွဲနဲ့  စာရေးသားပေးပို့လိုက်ပါတယ်။

ပေးပို့တဲ့စာမှာ TNP မြို့နယ်ဥက္ကဌ ဦးအောင်ခမ်းနဲ့ အတွင်းရေးမှူး ဦးကျမ်းဆာတို့ကို ဇွန်လ ၂၀ရက်နေ့က RCSS/SSA တပ်ရင်း ၃၃၇ က ဖမ်းဆီးသွားတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ပေးပို့တဲ့စာအရ သိရှိရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး   စုံစမ်းကြည့်ရာမှာ အဲဒီစွပ်စွဲချက်ဟာ မှန်ကန်ခြင်းမရှိဘူးလို့  RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

"သတင်းထဲမှာ ဖော်ပြနေတဲ့ အချက်အလက်နဲ့ စစ်ကြည့်တော့ အဲ့တပ်ရင်းအမှတ်တွေလည်းမရှိပါဘူး၊ တပ်ရင်းမှူးနာမည်တွေလည်းရှိပါဘူး၊ တိကျခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြသပေးနိုင်မှ ကျနော်တို့က ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိတို့အဖွဲ့အနေနဲ့ ပတ်သက်ခြင်းမရှိတာကြောင့် အမှန်တရားပေါ်ပေါက်အောင် စိစစ်ပေးပါရန် တင်ပြကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။