NCA စာချုပ်ကို တပ်မတော် ချိုးဖောက်တယ်လို့ RCSS ပြော


2016.10.11
soldiers-620.jpg ရှမ်းပြည်နယ်မှာ တပ်မတော်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်က ဘိန်းဖြတ်စခန်းကို တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ တာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အဖွဲ့တွေထံ တောင်းဆိုလိုက်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

"ပြန်လည်ထူထောင်ရေးစခန်းပေါ့နော်၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်းကို တပ်မတော်က စီမံချက်ရှိရှိကြီးနဲ့ ဝင်စီးတယ်၊ ပြီးတော့အဲ့စခန်းမှာ ရှိနေတဲ့လူထုတွေကိုဖမ်းဆီးခေါ်ဆောင် သွားတယ်၊ အဲ့ဒါကတစ်ချက် ကျနော်တို့ NCA ထဲမှာလည်းပါတယ်၊ တစ်ဖက်ရဲ့နယ်မြေထဲကို လကိနက်နဲ့ သွားတော့မယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီးမှ သွားရမယ်ဆိုတဲ့ တစ်ချက်၊ အဲ့ကိစ္စလည်းသူတို့မလုပ် ဘူး၊ နောက်တစ်ချက်ကတော့ အောက်ခြေပိုင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေကို အားသုံးဖြေရှင်းခြင်းမပြုရ ဆိုတာ ဒီ NCA ထဲမှာလည်းပါတယ်"

RCSS အဖွဲ့ရဲ့ ဘိန်းဖြတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး RCSS က ဖမ်းဆီးထားတဲ့ ဒေသခံ ၂၅ ယောက်ကို တပ်မတော်က ကယ်တင်ပြီး အောက်တိုဘာ ၇ ရက်နေ့မှာ သီပေါမြို့နယ် နန့်လန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ လွှဲအပ်ပေးလိုက်တယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြတာဟာ မှားယွင်းနေပြီး NCA စာချုပ်နဲ့ ငြိစွန်းနေတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပထမဆုံးအကြိမ် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်းစစ်ဌာနချုပ်မှာ မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်ပါဝင်တဲ့ အချက် ၁၂ ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။