NCA စာချုပ်ကို ပြန်လည် ညှိနှိုင်းဖို့လိုကြောင်း RCSS အဖွဲ့ ပြောကြား
2016.01.02
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA အဖွဲ့ဝင်တွေ နယ်မြေကျော်သွားလာတယ်ဆိုပြီး အစိုးရတပ်တော်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ က ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA အရ ပြန်လည်ညှိနှိုင်းဖို့လိုတယ်လို့ RCSS က ပြောပါတယ်။
NCA စာချုပ်မှာလက်မှတ်ရေးထိုးစဉ်က တပ်ဖွဲ့ဝင်တွေ သွားလာမှုကို နယ်မြေကန့်သတ်ထားတဲ့ အချက်မပါဝင် တာကြောင့် ပြန်လည်ညှိနှိုင်းရမယ်လို့ RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။
"NCA စာချုပ်မှာဆိုရင် ကျနော်တို့တပ်ဖွဲ့တွေကို ဒီမှာမနေရ၊ ဟိုမှာမနေရဆိုတဲ့ စာချုပ်ချုပ်ထားတာ မရှိပါဘူး ခင်ဗျ၊ ဆိုတော့ ကျနော်တို့ တပ်ဖွဲ့တွေကို စားဝတ်နေရေးအတွက် နေထိုင်စားသောက်ရမယ့် နေရာတွေ နှစ်ဖက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပါတဲ့အချက်တွေပဲ လက်မှတ်ထိုးထားတာပါဖြစ်တယ်၊ အဓိကတော့ ကျနော်တို့ကို ဒီလိုမျိုးနေရာအတည်တကျ နေထိုင်ဖို့အတွက် ကန့်သတ်လာတဲ့ အနေအထားမျိုး ကိုလည်းတွေ့ရတော့ အဲ့ဒီအချက်အတိုင်း ထပ်မံပြီးတော့ညှိနှိုင်း ဖြေရှင်းသွားကြဖို့တော့ လိုအပ်ပါလိမ့် မယ်တော့မြင်ပါတယ်"
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နေလည် ၁၂ နာရီ က ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ်တွင်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့တာဖြစ်ပြီး RCSS ဘက်က တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာဟာ ကျေးရွာတွေ နဲ့ ဝေးတဲ့နေရာတွေဖြစ်တာကြောင့် ဒေသခံတွေကို ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
RCSS အဖွဲ့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ထဲက တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီညီလာခံမှာ အစိုးရ၊ လွှတ်တော် ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၇ဝဝ တက်ရောက်ကြမယ်လို့ သိရပါတယ်။
RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။