RCSS က ဖမ်းဆီးထိန်းသိမ်းထားသူ ငါးဦး ပြန်လွှတ်

2022.04.29
RCSS က ဖမ်းဆီးထိန်းသိမ်းထားသူ ငါးဦး ပြန်လွှတ် RCSS မှ ဖမ်းဆီးထိန်းသိမ်းထားသူ ငါးဦး ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ပြန်လည် လွတ်မြောက်လာသည်ကို တွေ့ရစဉ်
Photo: Taifreedom News

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ရေအိုးရွာက သားအဖ သုံးဦးအပါအဝင် ဖမ်းဆီးထားသူ ငါးဦးကို ဧပြီလ ၂၈ ရက် မနေ့က ဆွေမျိုးတွေလက်ထဲ ပြန်လည် အပ်နှံလိုက်တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောခွင့်ရသူ ဗိုလ်မှူးခမ်းစံက RFA ကို ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မြောက်ပိုင်းမဟာမိတ်နဲ့ RCSS တပ်ဖွဲ့ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့သူတွေဟာ SSPP တပ်ပေါင်းစု တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကျောက်မဲမြို့ လွယ်ခေါ်ကျေးရွာ အုပ်စုမှာနေထိုင်တဲ့ လုံးဝိရိယ၊ နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာ အုပ်စုမှာ နေထိုင်တဲ့ လုံးခေးမိုင်း၊ နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ရေအိုးရွာမှာ နေထိုင်တဲ့ ဦးကြာယုံနဲ့ သားဖြစ်သူ မောင်နေလင်းဦး၊ မောင်နေလင်းစွာတို့ဖြစ်ပြီး RCSS ဌာနချုပ် လွိုင်တိုင်းလျန်မှာ ထိန်းသိမ်းထားခဲ့တာလို့ ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲက နမ္မတူမြို့နယ် ရေအိုးရွာက ဦးကြာယုံတို့ သားအဖသုံးဦးဟာ ၂၀၂၁ ဧပြီလ ၁၀ ရက်နေ့မှာ RCSS တပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရတာပါ။

အလားတူ မန်ဆာရွာက အသက် ၃၂ နှစ်အရွယ် ဦးချစ်မောင်လေးနဲ့ အသက် ၅၀ ကျော် အရွယ် ဦးအိုက်ငင်ဟာလည်း ၂၀၂၁ မတ်လ ၂၈ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသလို သီပေါမြို့နယ် မန်လီရွာမှာလည်း RCSS တပ်ဖွဲ့က ဖမ်းဆီးသွားသူ သုံးဦးထက်မနည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက တောင်းဆိုထားကြပေမယ့် မနေ့က ပြန်လွှတ်သူတွေအထဲမှာ မပါဝင်ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ RCSS ဘက်က နောက်ထပ်လွှတ်ပေးမယ့်သူတွေ ရှိသေးတယ်လို့ ပြောပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အခုနှစ် မတ်လနဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းတိုက်ပွဲတွေအတွင်း ဖမ်းဆီးထားသူ ၁၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ RCSS က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်းမြို့နယ်တွေမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးနေသူပေါင်း ၁၀၀ ကျော်အထိရှိပြီး အများစုဟာ RCSS တပ်ဖွဲ့က ဖမ်းဆီးထားတာလို့ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။